ဟောလိဝုဒ်သရုပ်ဆောင် ရစ်ချတ်ဂီယာနေထိုင်ခဲ့ဖူးသော နယူးယောက်မြို့၊ အရှေ့ ၄ လမ်း၊ အမှတ် ၁၄ တွင် တည်ရှိသော Silk Building ကွန်ဒိုမီနီယံ အဆောက်အအုံရှိ လူနေခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၂၀၀၀၀ ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း နယူးယောက်မြို့အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဈေးနှုန်းမှာ ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ငှားရမ်းခဲ့သည့် နှုန်းထားအတိုင်းဖြစ်သည်ဟု ဆိုသည်။
အိပ်ခန်း ၅ ခန်းပါဝင်ပြီး ကွန်ဒိုခန်း၏ စုစုပေါင်းအကျယ်အဝန်းမှာ ၃၅၇၀ စတုရန်းပေဖြစ်သည်။
ယင်းကွန်ဒိုမီနီယံအဆောက်အအုံသည် နာမည်ကျော်တို့ အခြေချရာနေရာတစ်ခုဖြစ်ပြီး ဘရစ်တ်နေ စပီးယားနှင့် ရပ်ဆဲလ်ဆိုင်မွန် တို့လည်း နေထိုင်ခဲ့ဖူးသည်။
ရစ်ချတ်ဂီယာသည် အဆိုပါကွန်ဒိုခန်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါးခန့်၊ ၁၉၉၈ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။
လက်ရှိပိုင်ရှင်များသည် ယင်းအခန်းကို ၂၀၁၄ ခုနှစ်မှစတင်ကာ ပြန်လည်အငှားချထားလျက်ရှိနေခြင်း ဖြစ်သည်။
ရစ်ချတ်ဂီယာ၏ နောက်ဆုံးအိမ်ခြံမြေရောင်းဝယ်ရေးလှုပ်ရှားမှုမှာ ၂၀၁၆ အစောပိုင်းတွင် နယူးယောက်မြို့၊ Gramercy Park တွင် ကွန်ဒိုတစ်ခန်းကို ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
တည်နေရာ- အမှတ် ၁၄ အရှေ့ ၄ လမ်း၊ နယူးယောက်
ဈေးနှုန်း- တစ်လလျှင် ကန်ဒေါ်လာ ၂၀၀၀၀
အိပ်ခန်း- ၅ ခန်း
ရေချိုးခန်း- ၃ ခန်း
ပါဝင်သည့် အခန်းစုစုပေါင်း- ၁၀ ခန်း
(မှတ်ချက်။ နောက်ဆုံးရရှိသည့် သတင်းအရ အဆိုပါအခန်း ငှားထွက်သွားပြီဟု ဆိုသည်)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)