ဖေ့စ်ဘုတ်ကုမ္ပဏီသည် စင်္ကာပူနိုင်ငံရှိ လူနေ၊ ရုံးခန်းနှင့် လက်လီအဆောက်အအုံများ ပေါင်းစည်းထားသည့် အဆောက်အအုံတစ်ခုတွင် ရုံးခန်းနေရာတစ်ခု ဝယ်ယူလိုက်ကြောင်း စင်္ကာပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဖေ့စ်ဘုတ်ကဝယ်ယူလိုက်သည့် အဆောက်အအုံမှာ မရီနာဝမ်း Marina One ဟု အမည်ပေးထားသော အဆောက်အအုံဖြစ်ပြီး ဆောက်လုပ်ဆဲဖြစ်ကာ ယခုနှစ်ကုန်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟုခန့်မှန်းထားသည်။
မရီနာဝမ်းသည် ပင်လယ်မြင်ကွင်းကို ကောင်းစွာ တွေ့မြင်နိုင်သော အဆောက်အအုံဖြစ်ပြီး ဖေ့စ်ဘုတ်က ဝယ်ယူလိုက်သည်မှာ အဆိုပါအဆောက်အအုံ၏ အထပ်ပေါင်းများစွာပါဝင်ကြောင်း သတင်းများရှိနေသည်။
စုစုပေါင်းဝယ်ယူလိုက်သည့်အကျယ်အဝန်းမှာ စတုရန်းပေ ၂၅၀၀၀၀ ကျော်ရှိပြီး အထပ်ပေါင်းများစွာ ပါဝင်ကြောင်း စင်္ကာပူအိမ်ခြံမြေလောကမှ ထင်ရှားသည့်ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပြီး ၎င်း၏အမည်မဖော်ပြရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
မရီနာဝမ်းတွင် အထပ် ၃၀ ပါ တာဝါနှစ်ခု ပါဝင်ပြီး အထပ် ၂၈ နှင့် ၂၉ တို့သည် စတုရန်းပေ ၁၀၀၀၀၀ ခန့် အကျယ်အဝန်းရှိကာ ဖေ့စ်ဘုတ်၏ ဝယ်ယူမှုတွင် အဆိုပါအထပ် ၂ ထပ်လည်း ပါဝင်သည်။
မရီနာဝမ်းတွင် ရုံးခန်းနေရာအကျယ်အဝန်း စုစုပေါင်း ၁ ဒသမ ၈၈ သန်း စတုရန်းပေ ရှိသည့်အနက် ဖေ့စ်ဘုတ်က ဝယ်ယူလိုက်သည်မှာ ၁၃ ရာခိုင်နှုန်းခန့် ရှိသည်။
မရီနာဝမ်းတွင် ရုံးစိုက်မည့် အခြားလုပ်ငန်းများမှာ ဆွစ်ဇာလန်ပုဂ္ဂလိကဘဏ်ဖြစ်သော Julius Baer နှင့် အတိုင်ပင်ခံကုမ္ပဏီ တစ်ခုဖြစ်သော PwC Singapore တို့ ဖြစ်ကြသည်။
မရီနာဝမ်းမှာ မလေးရှားကုမ္ပဏီ ခါဇနာ နေရှင်နယ်နှင့် စင်္ကာပူကုမ္ပဏီ တီမားဆက်ဟိုးလ်ဒင်းတို့မှ ပူးတွဲအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)