အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသမှာ ဂျူး အခြေစိုက် အိမ်ယာသစ် အလုံးရေ နှစ်ထောင့် ငါးရာ ဆောင်လုပ်မယ့် စီမံကိန်းကို အစ္စရေး အစိုးရက ခွင့်ပြု လိုက်တဲ့ အပေါ် အင်မတန် စိတ်မသက်မသာဖြစ် စိုးရိမ် ရတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်ထော်ညူ ဂူထားရက်ရှ်က ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ပြည်ထောင် ထားရှိရေး မူဝါဒ အပေါ် အခြေခံ တည်ဆောက်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထိခိုက် စေနိုင်တဲ့ လုပ်ရပ် အဖြစ် မစ္စတာ ဂူထားရက်ရှ်က ပြောပါတယ်။
ဂျူး အခြေစိုက် အိမ်ယာတွေ တည်ဆောက်တာဟာ တရားမဝင်တဲ့ လုပ်ရပ် အဖြစ် ကုလသမဂ္ဂက သတ်မှတ် ထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒေါ်နယ် ထရမ့် သမ္မတ ဖြစ်လာပြီး လေးရက် အကြာ အခုလို ဂျူး အခြေစိုက် အိမ်ယာသစ် စီမံကိန်းတွေကို အစ္စရေး အစိုးရက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အိုဘားမား အစိုးရ လက်ထက် တုန်းကတော့ အသိမ်းပိုက်ခံ ပါလက်စတိုင်း မြေတွေမှာ ဂျူး အခြေစိုက် အိမ်ယာတွေ တည်ဆောက်ရေး စီမံကိန်းတွေကို ဆန့်ကျင် ကန့်ကွက် ခဲ့တဲ့ အတွက် အမေရိကန်နဲ့ အစ္စရေး အကြား ဆက်ဆံရေး ယိုယွင်း ပျက်စီး ခဲ့ပါတယ်။
မစ္စတာ ထရမ့်ကတော့ အစ္စရေးဘက် ပိုယိမ်းတဲ့ မူဝါဒ ထားရှိမယ် ဆိုပြီး ကတိပြု ပြောဆို ထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ တုန်းကလည်း အသိမ်းပိုက်ခံ အရှေ့ ဂျေရူဆလင် မှာ အိမ်ယာသစ် အလုံး ငါးရာကျော် တည်ဆောက်မယ့် စီမံကိန်းကို အစ္စရေး အာဏာပိုင် တွေ ခွင့်ပြု ခဲ့ပါတယ်။
Credit: BBC Burmese