တရုတ်နိုင်ငံတစ်ဝန်း အဓိကမြို့ကြီးများတွင် ချမှတ်ခဲ့သည့် တင်းကျပ်လိုက်သော အိမ်ခြံ
မြေစည်းမျဉ်းသစ်များက ၀ယ်လက်များ၏ စိတ်အားထက်သန်မှုကို သိသိသာသာပင်
လျှော့ချထိန်းချုပ်ခဲ့သည်။ အိမ်သစ်ရောင်းအား ဖွံ့ဖြိုးမှု ပို၍နှေးကွေးစွာဆက်လက်
ကျဆင်းနေခြင်းက သက်သေပင်ဖြစ်သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း
အိမ်သစ် ၉ ဒသမ ၉ ထရီလျံယွမ် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလျံ) ရောင်းချခဲ့ရပြီး ယင်းသည် ၂၀၁၅ ခုနှစ်ကထက် ၃၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇန်န၀ါရီလ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းမြင့်တက်နှုန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာကို ထည့်မတွက်ပါက ၂၀၁၅ ပထမ ၁၁ လကထက် ၂၀၁၆ ပထမ ၁၁ လတာတွင် မြင့်တက်ခဲ့သည့်နှုန်း ၃၉ ဒသမ ၃ ရာခိုင်နှုန်းအောက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ပထမ ၁၀ လကထက် ၂၀၁၆ ပထမ ၁၀ လတာတွင်မြင့်တက်ခဲ့သည့်နှုန်း ၃၉ ဒသမ ၃ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းလည်း
ဗျူရိုက ထုတ်ပြန်ခဲ့သည်။
"တရုတ်အိမ်ခြံမြေဈေးကွက် ဒီနှစ်မှာ ဆက်မာနေမယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်။
အစိုးရက တကယ်လိုအပ်လို့ဝယ်မယ့်သူတွေရဲ့ ၀ယ်လိုအားကို ဆက်လက်ထောက်ခံပံ့ပိုး
သွားပြီး ဈေးကစားကြတဲ့ ၀ယ်ရောင်းတွေကို ဆက်လက်ဖိနှိပ်သွားမှာပါ" ဟု ဗျူရိုအကြီးအကဲ နင်ကျီကျဲက ပြောကြားခဲ့သည်။
တရုတ်၌ ပြီးခဲ့သည့်နှစ်လယ်အတွင်း ပထမတန်းစားနှင့် ဒုတိယတန်းစားမြို့ကြီးလေးမြို့
အပါအ၀င် မြို့ကြီး ၂၀ ကျော်တွင် အိမ်ခြံမြေဈေးများ လျင်မြန်စွာမြင့်တက်နေခြင်းကြောင့်
သာမန်လူတန်းစားများ အိမ်ဝယ်ယူရန် လက်လှမ်းမမီဖြစ်နေခဲ့သည်။
ထို့ကြောင့် ထိုမြို့များ၏ အိမ်ခြံမြေဈေးကွက်များကို ထိန်းချုပ်ရန် ထိုမြို့များတွင် ပြီးခဲ့သည့် စက်တင်ဘာ
နှောင်းပိုင်းမှ နိုဝင်ဘာနှောင်းပိုင်းကာလအထိ အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများစွာ
ချမှတ်ခဲ့သည်။
ထိုဈေးနှုန်းမြင့်တက်မှုများက တစ်ချိန်တွင် တစ်ဟုန်းထိုးကျဆင်းမှုသို့ ဦးတည်စေနိုင်သည့်အန္တရာယ်ရှိသည်။ ယင်းသို့အိမ်ခြံမြေဈေးကွက်မတည်မငြိမ်ဖြစ်ပါက နိုင်ငံ့စီးပွားရေးကိုပါ
ထိခိုက်လာစေနိုင်သဖြင့် အစိုးရက အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၆ ဒသမ ၈၇ ထရီလျံ ယွမ်ရှိခဲ့ကာ၂၀၁၅ ကထက် ၆ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းလည်း ဗျူရိုက ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com