အိန္ဒိယနိုင်ငံ၏ တရားရေးသမိုင်းတွင် သက်တမ်းအကြာရှည်ဆုံးအိမ်ခြံမြေအငြင်းပွားမှုကို မျိုးဆက် ၃ ဆက်တိုင်အမှုရင်ဆိုင်ခဲ့ပြီးနောက် ယခု ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းတွင် အပြီးသတ်အမိန့်ချမှတ်လိုက်ပြီဖြစ်ကြောင်းအိန္ဒိယအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အမှုစတင်ရင်ဆိုင်နေစဉ်အတွင်းမူလအမှုဖြစ်ပွားသူများကွယ်လွန်သွားခဲ့ကြပြီးနောက် ၎င်းတို့၏ သားသမီးများကဆက်လက် အမှုရင်ဆိုင်ခဲ့ကြသည်။
ထို့နောက် သားသမီးများမှ အများစုမှာ ကွယ်လွန်သွားကြပြန်ကာယခုအခါ မြေးများလက်ထက်သို့ ရောက်ရှိမှ အပြီးသတ်အမိန့်ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အမှုစတင်ဖြစ်ပွားစဉ်မှ စပြီးယနေ့အထိ နှစ်ပေါင်း ၅၀ ခန့် ကြာမြင့်ခဲ့သည်။
အမှုဖြစ်ပွားသည့် အဆောက်အအုံ ၃ ခုနှင့် စပ်လျဉ်းပြီး တရားပြိုင်များအကြားအချင်းချင်း ညှိနှိုင်းသဘောတူညီချက်ရယူကြရန် ဒေလီတရားရုံးက အမိန့်ချမှတ်လိုက်သည်ဟုဆိုသည်။
အမှုမှာ ၁၉၆၈ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီးမိသားစု ၄ ခုနှင့် အမှုရင်ဆိုင်ပါဝင်သူပေါင်း ၅၈ ဦးပါဝင်ကာအမှုရင်ဆိုင်ခဲ့ရသည်။
ညီအစ်ကို ၄ ဦးအကြားအမှုဖြစ်ကာ ၎င်းတို့ အားလုံးမှာဒေလီမြို့လယ်တွင် နေထိုင်ကြပြီးမိဘများ ကွယ်လွန်ပြီးနောက် ကျန်ရစ်သည့် အဆောက်အအုံ ၃ လုံးနှင့် စပ်လျဉ်း၍ တရားရင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။
၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် ချမှတ်ခဲ့သောမူလခုံရုံးဒီဂရီတွင် ဆုံးဖြတ်ခဲ့သည့် ဝေစုများအပေါ်အခြေခံကာအချင်းချင်းညှိနှိုင်းကြရန် ၆ လ အချိန်ပေးလိုက်သည်ဟုခရိုင်တရားသူကြီးကာမီနီလောကဆုံးဖြတ်လိုက်သည်။
တစ်ဦး၏ ဝေစုကိုအခြားတစ်ဦးကဝယ်ယူခွင့်လည်း ယခုဆုံးဖြတ်ချက်တွင် ပေးအပ်ထားသည်။
အကယ်၍ ညှိနှိုင်းနိုင်မှုမရှိခဲ့ပါက အဆောက်အအုံများကို လေလံတင်ရောင်းချကာ သတ်မှတ်ထားသည့် ဝေစုအတိုင်းခွဲဝေပေးသွားမည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)