BOT (Build Operate Transfer) တည်ဆောက်လည်ပတ်ပြီး ကာလတစ်ခုမှာ ပြန်လည်လွဲပြောင်းပေးရတဲ့ စနစ်နဲ့ ငှားရမ်းထားတဲ့ မြေပေါ်မှာ တည်ဆောက်တဲ့ အဆောက်အအုံတွေကို ကွန်ဒိုမီနီယံအဖြစ် ရောင်းချလို့ မရဘူးလို့ သိရပါတယ် ။
ကွန်ဒိုမီနီယံရဲ့ အဓိပ္ပါယ်က စုပေါင်းပိုင်မြေဖြစ်ပါတယ် ။ စုပေါင်းပိုင်ဆိုင်တာဖြစ်လို့ ကွန်ဒိုတိုက်ခန်း ဝယ်တဲ့သူတွေ အကုန်လုံးက မြေကိုပါ အချိုးကျပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဘီအိုတီစနစ်က သူများမြေကို ငှားရမ်းတာဖြစ်လို့ မြေပိုင်ဆိုင်ခွင့် အချိုးကျ ပိုင်ဆိုင်ခွင့်ပေးလို့ မရတာ ဖြစ်ပါတယ် ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက တာဝန်ရှိသူတစ်ဦးက ‘ ကွန်ဒိုမီနီယံဆိုတဲ့ အဓိပ္ပါယ်က မြေအချိုးကျ ပိုင်တာပါ ၊ ဒီတိုက်ခန်းမှာ နေတဲ့သူတွေက မြေကို အချိုးကျ ပိုင်နိုင်မှ ကွန်ဒိုလို့ သတ်မှတ်တာ ၊ ဘီအိုတီဆိုတာ နှစ် ၅၀ ၊ နှစ် ၇၀ တို့ ငှားရုံပဲ ငှားထားတာလေ ၊ ဒီမြေကို မပိုင်ဘူး ၊ မြေမပိုင်ရင် ကွန်ဒိုလုပ်လို့ မရဘူး ၊ ကွန်ဒိုမီနီယံ ဥပဒေအရ သတ်မှတ်ထားတဲ့ ကွန်ဒိုတစ်လုံးမှ မပေါ်သေးဘူး ၊ပေါ်ဖို့က မြေကို မှတ်ပုံတင်ရမယ် ၊ မြေကို အများပိုင်လုပ်ရမယ် ’ လို့ ပြောပါတယ် ။
ကွန်ဒိုမီနီယံ ဥပဒေအရ အခန်းရောင်းရင် ရောင်းတဲ့အခန်းတွေကို မှတ်ပုံတင်ရမှာ ဖြစ်ပါတယ် ။ မြေပိုင်ဆိုင်ခွင့်တင်တဲ့ပုံစံမျိုးပါ ။ မှတ်ပုံတင်ထားမှ သည်အခန်းက လူတွေက မြေပိုင်ဆိုင်တယ်ဆိုတာ ဆက်စပ်လို့ ရမှာဖြစ်ပါတယ် ။
ကွန်ဒိုအဆောက်အအုံတည်ဆောက်ဖို့ မြို့ရွာနှင့် အိုးအိမ်တည်ဆောက်ရေး ဦးစီးဌာနမှာ ကွန်ဒိုတည်ဆောက်ဖို့ မှတ်ပုံတင်ရမှာဖြစ်သလို အရောင်းအဝယ်တွေကိုလည်း မြို့ရွာနှင့်အိုးအိမ်မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။
Credit: The Modern