တရုတ်အခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Greentown China က ကမ္ဘာတစ်ဝန်းတွင် ယွမ်ငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေညာလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၂၀၁၄ ခုနှစ်တွင် ဒေဝါလီခံရလုနီးပါးအထိ အခြေအနေယိမ်းယိုင်ခဲ့ရပြီး အကြွေးရှင်များကို အကြွေးဆပ်နိုင်ရန်အတွက် ကုမ္ပဏီကို ရောင်းထုတ်ရလုနီးပါးအထိ ဖြစ်ခဲ့ရသည်။
ယခုအခါတွင်မူ Greentown China က ဟန်ကျိုးအခြေစိုက် ကုမ္ပဏီငယ်တစ်ခုအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
Greentown China သည် ယခု ၂၀၁၇ ခုနှစ်မှ စတင်ပြီး ၂၀၂၀ ပြည့်နှစ်အကြား သြစတေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ စီမံကိန်း ၁၀ ခုတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ဝက်ဘ်ဆိုက် https://goo.gl/c9K6wg တွင် ဖော်ပြသည်။
နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသွားမည့်နိုင်ငံများတွင် ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ မလေးရှားနှင့် သီရီလင်္ကာနိုင်ငံတို့ ပါဝင်ဖွယ်ရာရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ကုမ္ပဏီနှင့် အကြီးမားဆုံးရှယ်ယာရှင်ဖြစ်သော တရုတ်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်ပိုရေးရှင်း (CCCC) အကြားဆက်ဆံရေး၊ကုမ္ပဏီနှင့် ပြည်ပဖောက်သည်တို့အကြားဆက်ဆံရေးကို ချိန်ညှိသွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ကောက်ကျူနန်က ပြောကြားသည်။
CCCC သည် Greentown ၏ ရှယ်ယာများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အကြား ၂၈ ရာခိုင်နှုန်းအထိ ဝယ်ယူထားသည်။
CCCC သည် မလေးရှား၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာတို့တွင်လည်း စီမံကိန်းများစွာ အကောင်အထည်ဖော်လျက်ရှိသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း လော့စ်အိန်ဂျလိရှိ ပရောဂျက်တစ်ခုတွင် အမေရိကန် developer ဖြစ်သော Related နှင့် ပူးပေါင်းကာ ကန်ဒေါ်လာ သန်း ၉၅၀ တန်ကြေးရှိ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ခဲ့သေးသည်။
Greentown မှ ရင်းနှီးမြှုပ်နှံမည့်မြို့များတွင် ဆန်ဖရန်စစ္စကိုသည် ထိပ်တန်းဦးစားပေးမြို့တစ်မြို့ဖြစ်ကြောင်းလည်း ကြေညာထားသည်။
ပြည်ပစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် တရုတ်နိုင်ငံသားတို့အနေဖြင့် ပြည်ပတွင် နေအိမ်များဝယ်ယူခြင်း၊ သားသမီးများအား ပြည်ပတွင် ပညာသင်ယူနိုင်စေရန် အကူအညီပေးနိုင်ခြင်းနှင့် အခြားအခွင့်အလမ်းများအတွက် အကူအညီပေးနိုင်ခြင်းများ ရှိလာမည်ဖြစ်ကြောင်း Greentown က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)