ပြည်တွင်းအိမ်ဈေးကွက် အရောင်းအ၀ယ်ဆက်ထိုင်းနေသဖြင့် တရုတ်နိုင်ငံ၏ ပထမတန်းနှင့် ဒုတိယတန်းစားမြို့ကြီးများ၌ အိမ်ဈေးနှုန်းများ ပြီးခဲ့သည့် ဒီဇင်ဘာတွင် ထပ်မံတည်ငြိမ်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇန်န၀ါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာက ပျမ်းမျှအိမ်သစ်ဈေးများသည် နိုဝင်ဘာနှင့်ယှဉ်လျင် ပထမတန်းစားမြို့များ
တွင် မပြောင်းလဲခဲ့ဘဲ ဒုတိယတန်းစားမြို့များတွင် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
နိုဝင်ဘာက မြင့်တက်နှုန်း ၀ ဒသမ ၁ နှင့် ၀ ဒသမ ၄ ရာခိုင်နှုန်းတို့အောက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းလည်း နိုင်ငံ၏ အဓိကမြို့ကြီး ၇၀ ၏ အိမ်သစ်ဈေးကွက်နှင့် ကြိုပွိုင့်အိမ်ဈေးကွက်တို့ရှိ ဈေးနှုန်းများကို လေ့လာစောင့်ကြည့်သည့် ထိုဗျူရိုက ထုတ်ပြန်ခဲ့သည်။
တတိယတန်းစားမြို့များ၏ အိမ်သစ်ဈေးများသည်လည်း ၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နိုဝင်ဘာမြင့်တက်နှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည်။
"ယေဘုယျအားဖြင့် ပြောရရင်တော့ ဒီဇင်ဘာမှာ နိုင်ငံလူနေအိမ်အရောင်းဈေးကွက်မှာ အကောင်းဘက်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ဆက်လက်မြင်တွေ့လာရပါတယ်" ဟု ထိုဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင် လျိုကျန်းဝေက ပြောကြားခဲ့သည်။
"ပထမတန်းစားနဲ့ ဒုတိယတန်းစားမြို့ ၁၅ မြို့မှာ ချမှတ်လိုက်တဲ့ အိမ်ခြံမြေစည်းမျဉ်း
တင်းကျပ်မှုအများအပြားက အိမ်သစ်ဈေးတွေတအားမြင့်တက်လာမှုကို ထိထိရောက်ရောက်ထိန်းချုပ်လိုက်နိုင်တာတွေ့ရပါတယ်။ အဲ့ထဲက ၁၂ မြို့က
ဒီဇင်ဘာမှာ နိုင်ဝင်ဘာအောက် ၀ ဒသမ ၁ ကနေ ၀ ဒသမ ၄ ရာခိုင်နှုန်း ဈေးတွေကျသွားတာတွေ့ရပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။
ထျန်ကျင်းမြို့နှင့် ဟန်ကျိုးမြို့တို့၏ အိမ်သစ်ဈေးနှုန်းများက မပြောင်းလဲခဲ့ဘဲ ကွမ်ကျိုးသာလျှင် ၁၅ မြို့အနက် ၀ ဒသမ ၇ ရာခိုင်နှုန်းစံချိန်တင်မြင့်တက်သည့် တစ်မြို့တည်းသော မြို့ဖြစ်ခဲ့ကြောင်း၊ သို့တိုင် ကွမ်ကျိုးသည်လည်း ၀ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည့် နိုဝင်ဘာမြင့်တက်နှုန်း၊ ၁ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည့် အောက်တိုဘာမြင့်တက်နှုန်းနှင့် ၃ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည့် စက်တင်ဘာ မြင့်တက်နှုန်းတို့အောက် ကျဆင်းခဲ့ကြောင်း ဗျူရိုက ထုတ်ပြန်ခဲ့သည်။
ကျန်ပထမတန်းစားမြို့များဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်းနှင့် စန်းကျန်းတို့တွင်လည်း အိမ်သစ်ဈေးများ ၀ ဒသမ ၁ ရာခိုင်နှုန်း၊ ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့သည်။
ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ UBS ၏ တရုတ်အိမ်ခြံမြေသုတေသနအဖွဲ့အကြီးအကဲ အေဗာလီကလည်း "တရုတ်အဓိကမြို့ကြီးတွေ အထူးသဖြင့် အကြီးဆုံးမြို့ ၂၀ ပေါ့ အဲ့မြို့တွေက အိမ်ဈေးတွေ ၂၀၁၇ မှာပါ ဆက်တည်ငြိမ်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိတင်းကျပ်လိုက်တဲ့ မူဝါဒတွေ သိပ်ပြီးပြေ
လျော့သွားဖို့မမြင်လို့ပါပဲ။" ဟု ပြီးခဲ့သည့်သီတင်းပတ်က ရှန်ဟိုင်းသို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com