စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် နိုင်ငံတကာနှင့် ကူးလူး ဆက်ဆံကြသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီကြီးများ ရှိကြသည်။ တို့၏ လုပ်ငန်းလည်ပတ်မှုပေါ်တွင် မူတည်၍ တိုင်းပြည်၏ စီးပွားရေး အဆင့်အတန်းကို ဆုံးဖြတ်ကြရသည်။ သို့ပါသော်လည်း တိုင်းပြည်လူဦးရေ၏ အများစုမှာ လူလတ်တန်းစားများ ဖြစ်ပြီး ၎င်းတို့ပိုင် အသေးစားနှင့် အလတ်စား ကုမ္ပဏီ ကလေးများလည်း ရှိကြသည်။ ထိုအသေးစား ကုမ္ပဏီကလေးများ လုပ်ငန်း လည်ပတ် အောင်မြင်မှသာ တိုင်းပြည်၏ လူနေမှု အဆင့်အတန်း မြင့်မားလာမည်ဟု ဆိုနိုင်ပါသည်။ Small is Beautiful ဟု ဆိုသည်။
ပြည်သူ အများစုအား နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ခံစားနိုင်ဖို့ဟုဆိုလျှင် အမြတ်ဝင်ငွေ ရရှိပြီး လည်ပတ်နေသည့် လုပ်ငန်း အသေးစားလေးများ ပေါများလာရန် လိုအပ်သည်။ တစ်ဖက်က အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီး ထုတ်ကုန် ပမာဏလည်း မြင့်မားလာနိုင်ပါသည်။ အထူးသဖြင့် သတင်း မီဒီယာခေတ် ကွန်ပျူတာနှင့် ဆက်သွယ်ရေး ကိရိယာများ တိုးတက်လာချိန်တွင် လူအနည်းငယ်နှင့် လုပ်ငန်း ပမာဏ ကြီးမားသော လုပ်ငန်းများကို လုပ်ကိုင် လာနိုင်ကြပါသည်။ အလုပ်သမားများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက်လည်းကောင်း၊ ဈေးကွက်ချဲ့ထွင်ရာတွင်လည်းကောင်း အသစ် ထွက်ပေါ်လာသော ပစ္စည်းကိရိယာများက များစွာ အကျိုးပြုသည်။
လုပ်ငန်းရှင်များအဖို့ ယခင် ကာလများကဲ့သို့ မိမိတို့ ထုတ်လုပ်သော ပစ္စည်းများကို စားသုံးသူ လက်ဝယ်သို့ ရောက်ရှိအောင် လူအား၊ ငွေအား၊ အချိန်ကုန်ခံ၍ ခက်ခက်ခဲခဲ လုပ်ဆောင်ရန် မလိုတော့ပေ။ ဈေးကွက်အသစ် ရှာရန်ဖြစ်စေ၊ မိမိတို့ ပါတနာများဖြင့် ဆက်သွယ်ရန်ဖြစ်စေ၊ သတင်းအချက်အလက် ဖြန့်ချိရေးအတွက်ဖြစ်စေ၊ ကုမ္ပဏီကြီးများ၏ ကုန်ကျစရိတ်မှာ များစွာ သက်သာသွားပါသည်။
ယခင်က ကုမ္ပဏီ၊ အဖွဲ့အစည်းများ၏ တိုးတက်မှုကို စက်ပစ္စည်းများသဖွယ် သဘောထားခဲ့ကြပါသည်။ ၎င်းတို့၏ အောင်မြင်မှုမှာ ကြိုတင် ခန့်မှန်းရန် လွယ်ကူပါသည်။ ယခု သတင်းခေတ်တွင် အဖွဲ့အစည်းများ၏ တိုးတက်မှု (Growth) ကို သက်ရှိသတ္တဝါ (Organism) များနှင့် နှိုင်းယှဉ်ကြသည်။ မနက်ဖြန် ဘာဖြစ်မည်ဆိုသည်ကို ခန့်မှန်းရန် မလွယ်ကူတော့ပါ။ ထိပ်ပိုင်း မန်နေဂျာများမှသည် အောက်ခြေ ရုံးစေအထိ မိမိတို့ဉာဏ်ရှိသလို တီထွင် ကြံဆ အလုပ် လုပ်နိုင်ကြပါသည်။
ယခင်က ကုမ္ပဏီတစ်ခု ကြီးပွားရေးအတွက် အချိန်ယူတတ်ကြရာ ယခုအခါ နေ့ချင်းညချင်း ကြီးပွား တိုးတက်လာသော လုပ်ငန်းများကို တွေ့မြင်နိုင်ကြပါသည်။
ယေဘုယျအားဖြင့် လုပ်သား ငါးဦးအထိ ရှိသော လုပ်ငန်းများကို မိသားစုလုပ်ငန်း၊ လုပ်သား ငါးဦးမှ ၅၀ အထိကို အသေးစား လုပ်ငန်း၊ လူဦးရေ ၅၀ မှ ၂၀ဝ အထိကို အလတ်စား လုပ်ငန်းများဟု သတ်မှတ်နိုင်ပါသည်။ ၎င်းတို့ကို စုပေါင်း၍ (SME-Small and Medium Enterprise) ဟု ခေါ်ပါသည်။ နိုင်ငံပေါင်း များစွာတို့တွင် ၎င်းတို့၏ လုပ်သားထု ဦးရေမှာ စက်မှုကဏ္ဍ တစ်ခုလုံး၏ တစ်ဝက်အထိရှိပြီး ကုန်ထုတ်လုပ်မှု သုံးပုံတစ်ပုံမှာ ဤလုပ်ငန်းများမှ လာကြပါသည်။ သူတို့၏ လုပ်ငန်း ကြီးထွားမှုနှုန်းမှာ အလွန် မြန်ဆန်ပြီး ၎င်းတို့၏စွမ်းအား (Potential) ကို ခန့်မှန်းရန် ခက်ခဲသည်။
သတင်းထုတ်ပြန်ချက် တစ်ခုအရ တရုတ်ပြည်တွင် ဤကဲ့သို့ အလယ်အလတ်တန်းစား အစိုးရပိုင် မဟုတ်သော လုပ်ငန်းပေါင်း ၄ ဒသမ ၃သန်းမျှ ရှိသည်ဟု ဆိုသည်။ ၎င်းတို့ကို (Township and Villages) မြို့ငယ်၊ ရွာငယ်များမှ ကုမ္ပဏီများဟုလည်း ခေါ်သည်။ နိုင်ငံ ဂျီဒီပီ၏ ၅၈ ဒသမ ၅ ရာခိုင်နှုန်းမှာ ထိုလုပ်ငန်းများမှ ဖြစ်သည်။ တိုင်းပြည်ထုတ်ကုန် ၆၈ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်သစ် အားလုံး၏ ၇၈ ရာခိုင်နှုန်းမှာ ဤလုပ်ငန်းများမှ လာသည်။
တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများတွင် အလားအလာရှိသော စွန့်စား လုပ်ကိုင်သူ Entrepreneur အသစ်အများစုမှာ ဤအသေးစား လုပ်ငန်း ကလေးများမှ ထွက်ပေါ်လာကြသည်။ သမားရိုးကျ ခေတ်မီ ဘွဲ့ရပညာတတ် ပုဂ္ဂိုလ်များပင် မခန့်မှန်းနိုင်သော လုပ်ငန်းအသစ်၊ လူသုံးကုန်ပစ္စည်း အသစ်များကို တီထွင်လာကြသည်။ ကျွန်တော်တို့နိုင်ငံတွင် နှစ်စဉ် တက္ကသိုလ်နှင့် ပညာသင်ရာ ဌာနများမှ ဘွဲ့ရလာသူ မြောက်မြားစွာ ရှိသည်။ ၎င်းတို့၏ လုပ်အားကို နိုင်ငံတော်မှ မိမိရရ အသုံးချနိုင်စေရန် အရေးကြီးလှပါသည်။ ထိုလူငယ် လုပ်သားထုကို အစိုးရဌာနများနှင့် အစိုးရပိုင် လုပ်ငန်းများမှာချည်းသာ အလုပ်ပေးရန် မဖြစ်နိုင်ပါ။
ရည်ရွယ်ချက်မှာ နိုင်ငံတော်မှ အလုပ် မပေးနိုင်သူများအတွက် မိမိကိုယ်ပိုင် လုပ်ငန်းငယ်ကလေးများ တည်ထောင်နိုင်ခွင့် ရရှိစေရေးပင် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံ၏ အလုပ် မဖြစ်တော့သော နိုင်ငံပိုင် စက်ရုံများတွင် အလုပ် လုပ်ရန်၊ အားကျိုးမာန်တက် အလုပ် လုပ်ကြမည့် လူငယ်လူရွယ်များကို အခွင့်အရေးများ ဖန်တီးပေးရန် လိုအပ်သည်။ တီထွင်ကြံဆမှု၏ အသီးအပွင့်များကို ထိုလုပ်သားများအား ခံစားခွင့်ပေးနိုင်လျှင် အဖြေ ရလဒ်ကို အချိန်တိုတိုအတွင်း မြင်ကြရမည်ဖြစ်သည်။
မြန်မာကျေးလက် တောရွာများတွင်လည်းကောင်း၊ မြို့ကြီးပြကြီးများရှိ မိသားစုတိုင်းတွင်လည်းကောင်း ကိုယ်ပိုင် တစ်နိုင်စီးပွားရေး လုပ်ငန်းများ ဖြစ်ပေါ်အောင် လုပ်ပေးနိုင်သည့် ပတ်ဝန်းကျင် ဖြစ်အောင် အစိုးရက စီမံကိန်းချ အကူအညီများ ပေးရပါမည်။ လိုအပ်သည့် မြေနေရာ၊ လမ်းပန်း အဆက်အသွယ်၊ လောင်စာစွမ်းအင်တို့ကို ဖြည့်ဆည်း ပေးရမည်ဟု ဆိုလိုပါသည်။
အခြေခံ အဆောက်အဦ (Infrastructure) ၏ မပြည့်စုံမှု၊ ပြင်ပ အထောက်အကူ မရမှု၊ ခြစားနေသော ဗျူရိုကရေစီ ယန္တရား၊ ကုန်သွယ်ရန် အခွင့်အလမ်းနှင့် စက်မှု အတတ်ပညာ ချို့တဲ့မှု၊ ငွေအရင်းအနှီး ချို့တဲ့မှုစသော ပြဿနာများမှာ နိုင်ငံတိုင်း သူတို့၏ တိုးတက်မှု အဆင့်ဆင့်တွင် ကြုံတွေ့ခဲ့ကြရပါသည်။
ထိုအသေးစား လုပ်ငန်းများ အောင်မြင်ရေးအတွက် နိုင်ငံတော်မှ လုပ်ပေးနိုင်သော နည်းလမ်း အသွယ်သွယ် ရှိပါသည်။ ပေါ်လစီ ရေးဆွဲသူတို့၏ အမြင်တွင် ဤအသေးစား လုပ်ငန်းကလေးများ ဖွံ့ဖြိုးတိုးတက်ပါမှ တိုင်းပြည်စီးပွားရေး တိုးတက်မည် ဟူသောအချက်ကို လက်ခံရမည်။ ၎င်းတို့၏ လိုအပ်ချက်ကို နည်းဥပဒေများဖြင့် ပိတ်ပင်ထားခြင်း မရှိစေရ၊ အစိုးရ ဝန်ထမ်းများကို ပညာပေးရာတွင် ၎င်းတို့ ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်သာ ဖြစ်ပြီး ၎င်းတို့အပေါ်မှ အမြတ်ထုတ်ရန် ရည်ရွယ်ချက်မျိုး မရှိစေရပေ။
တက္ကသိုလ် ကောလိပ်များ၊ သုတေသန ဌာနများနှင့် ပညာသင်ရာ ဌာနများမှ ပညာရှင်များ အနေနှင့် မိမိဘာသာ တစ်နိုင် လုပ်ဆောင်ကြမည့် ကုမ္ပဏီငယ်ကလေးများ ပေါ်ပေါက်ရေးအတွက် မိမိတို့က အကြံဉာဏ်နှင့် အကူအညီများ တတ်နိုင်သည့်ဘက်က ပေးကြရပါမည်။ အစိုးရက ဖွဲ့ပေးသော အဖွဲ့ဖြစ်စေ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ပြင်ပ နိုင်ငံများနှင့် ကုလသမဂ္ဂ အေဂျင်စီများနှင့်ဖြစ်စေ ပူးပေါင်း ဆောင်ရွက်ကြရပါမည်။
သေးငယ်သော လုပ်ငန်းကုမ္ပဏီ ကလေးများ၏ အားသာချက်မှာ မိမိလုပ်ငန်း သဘာဝနှင့် နည်းလမ်းများကို အခြေအနေနှင့် လိုက်လျောညီထွေရှိအောင် လျင်မြန်စွာ ပြုပြင် ပြောင်းလဲနိုင်ခြင်းပင် ဖြစ်သည်။ Destructive Technology ဆိုသည်မှာ မိမိလက်ရှိ လုပ်ကိုင်နေသော ထုတ်ကုန်ပစ္စည်းကို အသုံး မလိုတော့အောင် အစားထိုး ပေါ်ထွက်လာသော နည်းပညာများကို ခေါ်သည်။ ဥပမာ - ဒစ်ဂျစ်တယ် ကင်မရာများ ပေါ်လာသောအခါ ဖလင်ကို သုံးသည့် ကင်မရာများမှာ ဈေးကွက် မရှိတော့ပေ။ မိမိကုမ္ပဏီက ပမာဏ သေးငယ်သောကြောင့် လုပ်ငန်းသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် အကုန်အကျ သက်သာစွာဖြင့် ပြောင်းလဲ ပစ်နိုင်ကြပါသည်။ ကြီးမားသော ကုမ္ပဏီများအဖို့ နေ့ချင်းညချင်း ပြောင်းလဲရန် မဖြစ်နိုင်ကြပါ။
ယနေ့ခေတ်သည် ကုမ္ပဏီကြီးများ၏ ခေတ်ဖြစ်သည်။ ၁၉၇၀ ခုနှစ်များမှစတင်၍ ဆယ်စုနှစ်ပေါင်း များစွာ Mass Production ခေါ် အစုလိုက် အပြုံလိုက် ကုန်ထုတ်လုပ်မှု စနစ်မှ ဈေးကွက်အတွင်းသို့ ဈေးသက်သာသော လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ပေးလျက် ရှိသည်။ နေရာစုံ ရောက်ရှိနေသော မီဒီယာ စနစ်ကြောင့် တစ်နိုင်ငံလုံး သာမက ကမ္ဘာ့နေရာ အသီးသီးသို့ ထိုပစ္စည်းများသည် အမြန်ဆုံး ရောက်ရှိသွားကြသည်။ တစ်ချိန်တည်းမှာပင် ပိုမိုကြီးမားသော ဈေးကွက်နှင့် လုပ်ငန်းကြီးများကို ဖန်တီးပေးလျက် ရှိသည်။ ကုမ္ပဏီကြီးများ အရေအတွက်မှာ ဆတိုး (Exponential) တိုးပွားလျက် ရှိသည်။
ကျွန်တော်တို့ မျှော်မှန်းခဲ့ကြသည်မှာ စိတ်အေးသက်သာ နေထိုင်နိုင်သော လူဦးရေ ငါးသောင်းခန့်သာ ရှိသည့် မြို့ငယ်ကလေးများသာ ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ယဉ်ကျေးမှု ပျူငှာသော လူနေမှုစနစ် ကလေးများကို ထူထောင်နိုင်ကြပါသည်။ သို့ပါသော်လည်း ကျွန်တော်တို့ တွေ့နေကြသည်မှာ လူဦးရေ သန်းပေါင်း များစွာရှိသော မြို့ကြီးပြကြီးများသာ ဖြစ်ပါသည်။
ကျွန်တော်တို့သည် ရပ်ကွက်ဈေးကလေး အိမ်ဆိုင်ပေါက်စ၊ လက်ဖက်ရည်ဆိုင် ပေါက်စ၊ ကိတ်မုန့်ဆိုင်ကလေးများနှင့် မြို့ရွာ ရပ်ကွက်တို့ကို တည်ဆောက်လိုကြပါသည်။ ၎င်းတို့သည် ခေတ်နောက်မကျသလို အခြေအနေပေးလျှင် လျင်မြန်စွာ တိုးတက်ကြီးပွား လာနိုင်ကြပါသည်။
ကျွန်တော်တို့သည် မိမိတို့ နားလည်သော မိမိပါဝင်နိုင်သော စီးပွားရေး စနစ်တစ်ခုလိုသာ မြင်လိုပါသည်။ သို့မှသာ ပြောင်းလဲလာသော ခေတ်နှင့်အတူ လိုက်ပါနိုင်ကြမည် ဖြစ်ပါသည်။ သို့ပါသော်လည်း အမြဲ ရှုပ်ထွေးပြီး ကျွန်တော်တို့ မမီနိုင် နားမလည်နိုင်သော အရာများနှင့် ပြည့်နေသည့် စနစ်ကြီးကိုသာ မြင်နေကြရပါသည်။
ကုမ္ပဏီများ တစ်စတစ်စ ကြီးမားလာသောအခါ မိမိထံ အလုပ် လာလျှောက်သူထံမှ သုံးနှစ်အတွင်း အလုပ် မထွက်ပါ ဟူသော ကတိဝန်ခံချက်အတွက် အပေါင်ငွေ တင်ရသောစနစ်ကို ကျင့်သုံးလာသည်ဟု ကြားရဖူးသည်။ ကျွန်တော်တို့ နိုင်ငံ၏ ဥပဒေများတွင် ဤသို့ တရားမျှတခြင်း မရှိသော လုပ်ရပ်များကို တားဆီးနိုင်သည့် ဥပဒေများ ရှိဟန်မတူပါ။
ပုဂံ-ညောင်ဦးတွင် ကြယ်ငါးပွင့် ဟိုတယ်ကြီးများ ရှိသလို မိမိတစ်နိုင် ဆောက်ထားကြသော ဟိုတယ် အငယ်စား အနည်းဆုံး ၄၂ ခုရှိသည်။ ဟိုတယ်ကြီးများက ဟိုတယ်ငယ်များကြောင့် ဧည့်သည်နည်းရသည်ဟု ဆိုကာ လိုင်စင်အကြောင်း ပြောဆိုလာကြသည်။ အာဏာပိုင်များက ပေးပြီး လိုင်စင်များကိုပါ ဖျက်သိမ်းလိုက်ကြသည်။ ဤဖြစ်ရပ်တွင် လုပ်ငန်း အငယ်စားများ တိုးပွားရေးမူကိုသာ အစိုးရက ဆုပ်ကိုင်ထားသင့်သည်ဟု ကျွန်တော် ယူဆပါသည်။
တစ်ဖက်တွင် အလုပ် မဖြစ်သေးသော ခရီးသွား ကုမ္ပဏီ တစ်ခု လိုင်စင်သက်တမ်း တိုးရန် အစိုးရသို့ ငွေလေးသိန်း ပေးသွင်းရပါသည်။ အလုပ် မဖြစ်ပါဘူးဆိုသည့်တိုင် အခွန်ငွေအတွက် အခွန်မှူးကို စားပွဲအောက်မှ ငွေပေးရပါသည်။ အရှုံးပေါ်နေသော လုပ်ငန်းမှ နိုင်ငံတော်သို့ အခွန်ငွေပေးနေရခြင်းမှာ မှားယွင်းနေသည်။ သို့သော် ကျွန်တော်တို့ ဘယ်ကိုသွား၍ ဘယ်လို လျှောက်လဲရမည်မသိ။ တစ်ခါက ငွေလဲကောင်တာတွင် လဲသွားသော ဒေါ်လာငွေမှာ ခိုးရာပါပစ္စည်းဟုဆိုကာ ကျပ် ၁၇ သိန်းကျော် ရဲမှ အသိမ်းခံရဖူးသည်။ ကျွန်တော်တို့ ဘယ်ကိုသွား၍ တိုင်တန်းနိုင်ပါသနည်း။ ရဲကပေးသော အဖြေမှာ အချုပ်ခံရသော မိန်းကလေးကို တရားစွဲရပါမည်တဲ့။
ဆိုင်ရှေ့တွင် ထောင်မိသော ဆိုင်းဘုတ်မှာ နယ်မြေ မလွတ်၍ ဖြုတ်ပေးရမည်တဲ့။ နောက်ဆုတ်ပေးသောအခါ အခွန် ဆောင်ရဦးမည်ဟုဆိုသည်။
ပေါ်လစီ ရေးဆွဲသူတို့က အလယ်အလတ်တန်းစား ကုမ္ပဏီလေးများ တိုးပွားလာရေးအတွက် ဆောင်ရွက်မည်ဆိုလျှင် ထိုလုပ်ငန်းကလေးများ ကြီးပွားလာခြင်းကို ပိတ်ဆို့ အနှောင့်အယှက်ပေးသည့် လူနှင့် ဥပဒေများကို ဖယ်ရှားပေးကြရပါမည်။ အာဏာပိုင်နှင့် ပေါ်လစီ ရေးဆွဲသူများက သူတို့ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား ပြသရန် လိုသည်။
စီးပွားရေး လုပ်ငန်းငယ်ကလေးများကို မိမိတို့နိုင်ငံ စီးပွားရေး ကောင်းအောင် လုပ်နေသည့် လုပ်ငန်းများအဖြစ် အလွှာ အသီးသီးက ရှုမြင် နိုင်ကြရပါမည်။
Credit: The Voice