မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ အရောင်း အဝယ် ငြိမ်သက်နေခဲ့တာ နှစ်အတော်ကြာမြင့်
နေပေမဲ့ မြို့သစ်ဧရိယာ အများစုက အိမ်ခြံမြေဈေးနှုန်းတွေဟာ ဒီနှစ်အတွင်းမှာ သိသိသာသာ
ပြောင်းလဲကျဆင်းနိုင်ခြေ မရှိကြောင်း အတွေ့အကြုံရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။
လက်ရှိမှာ မန္တလေးမြို့သစ်ထဲမှာနေထိုင်ဖို့နဲ့ ရေရှည်ရင်းနှီးမြှုပ်နှံဖို့အတွက် မျက်စိကျစရာကောင်းတဲ့
လမ်းတွေများစွာရှိနေပါတယ်။ ဒီလမ်းတွေထဲကမှ လမ်းသိပ်မသာပဲ အတွင်းပိုင်းကျတဲ့ လမ်းသွယ်
တွေထဲက တချို့ အိမ်ခြံမြေတွေမှာ ဈေးနှုန်းအနည်းငယ်ချပြီး ရောင်းလာတာတွေရှိနေပေမဲ့ အကွက်အကွင်းလှတဲ့ အိမ်မြေတွေကတော့ ဈေးနှုန်းတွေပြောင်းလဲခြင်း မရှိပါဘူး။
အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာအတွင်း ဈေးနှုန်းတွေမာနေဆဲလမ်းတွေထဲမှာ တောင်မြောက်
လမ်းတွေထဲမှာဆိုရင် ၆၂ လမ်းကနေ အနောက်ဘက်မှာ ၆၈ လမ်း အတွင်း လမ်းတွေဟာ
အခြေအနေကောင်းကြဆဲပါ။ အရှေ့နဲ့အနောက်ဘက်သွား လမ်းတွေထဲမှာဆိုရင် သိပ္ပံလမ်း၊
ခိုင်ရွှေဝါ လမ်း၊ ငုရွှေဝါလမ်းနဲ့ မနော်ဟရီလမ်းတွေဟာ ခေါ်ဈေးတွေကောင်းဆဲဖြစ်ပြီး သူတို့နဲ့
ကပ်နေတဲ့လမ်းတွေကလည်း ဈေးနှုန်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒီလမ်းတွေဟာဆိုရင်
တိုင်းဒေသကြီးအစိုးရအဖွဲ့က အိမ်မြေရောင်းဝယ်ရာမှာ ကျင့်သုံးဖို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေ
အရလည်း ဈေးနှုန်းတွေ ကောင်းပါတယ်။
မြို့သစ် (၁) ထဲက ၆၂ လမ်းပေါ်ဆိုရင် တစ်ဧကကို ကျပ်သန်းပေါင်း ၁၅,၃ဝဝ ကနေ ၁၆,၂ဝဝအထိရှိနေပါတယ်။ ငုရွှေဝါလမ်းပေါ် (၆၂ လမ်း x ၆၈ လမ်းကြား)မှာဆိုရင် ကျပ်သန်းပေါင်း
၈,၁ဝဝ ကနေ ၉,၉ဝဝ အတွင်း၊ မနော်ဟရီလမ်းပေါ် (၆၄ လမ်း x ၆၅ လမ်း ကြား) မှာဆိုရင်
ကျပ်သန်းပေါင်း ၁ဝ,၈ဝဝ ကနေ ၁၁,၇ဝဝ အတွင်း ရှိနေပါတယ်။
မြို့သစ်အနောက်ဘက်ပိုင်းကျတဲ့ သိပ္ပံလမ်းမပေါ်မှာ ကျပ်သန်းပေါင်း ၁၈,၉ဝဝ ကနေ ၁၉,၈ဝဝ
အတွင်း သတ်မှတ်နှုန်းရှိနေပါတယ်။ မြို့သစ်အိမ်မြေဈေးတွေ အနည်းငယ် ကျဆင်းတယ်ဆိုရာမှာ
ရောင်းလိုအားများတဲ့ နေရာတချို့နဲ့ အကွက်အကွင်းအရ အားနည်းချက်ရှိတဲ့နေရာ၊ ဥပမာ
လမ်းအနေအထားနဲ့ မြေကွက်အကျယ် အပြည့်မဟုတ်ဘဲ ပေ ၂ဝ x ပေ ၆ဝ လို မြေကွက်ကျဉ်းမျိုးရှိတဲ့နေရာတချို့သာဖြစ်ပြီး အများစုကတော့ ဈေးနှုန်းတွေမာနေဆဲ ဖြစ်ပါတယ်။
ဒီအနေအထားတွေအရ မြို့သစ်မှာ နေရာကောင်းကိုမှ လိုချင်တယ်ဆိုရင် ခေါ်ဈေး၊ ပေါက်ဈေး
တန်းနဲ့ သိသာစွာကွာဟမယ့်အခြေအနေကို မျှော်လင့်လို့မရနိုင်သေးကြောင်း အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
Credit: Myanmar Times