ဆော်ဒီအာရေးဘီးယားအစိုးရသည် နေအိမ်သစ်ပေါင်း ၂၈၀၀၀၀ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါစီမံကိန်းအတွက် အာရပ်ငွေ ၁၁၉ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၃၂ ဘီလီယံ) အကုန်အကျခံတည်ဆောက်သွားမည်ဖြစ်ပြီး လာမည့် ၃ နှစ်အတွင်း အပြီးသတ်ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။
ယင်းစီမံကိန်းအနက် ဆော်ဒီအာရေးဗီးယားနိုင်ငံတစ်ဝန်းရှိ ဆောက်လုပ်ပြီး နေအိမ်အမျိုးမျိုး ၁၂၀၀၀၀ ခန့်ကို ပြည်သူများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
လွှဲပြောင်းပေးအပ်ရာတွင် မိသားစုဝင်ငွေအဆင့်၊ မိသားစုဝင်အရေအတွက်တို့အပေါ်မူတည်ကာ ပေးအပ်မည်ဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယား အိုးအိမ်ဝန်ကြီးဌာန အရာရှိများက ပြောကြားသည်။
နေအိမ်သစ်ပေါင်း ၇၅၀၀၀ ခန့်မှာလည်း ဆောက်လုပ်ရန် အသင့်အနေထားရှိနေပြီးဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက ပြည်သူများသို့ ပေးအပ်သွားမည်ဖြစ်သည်။
ထို့အပြင် နေအိမ်ဝယ်ယူခွင့်ရရှိသည့် ပြည်သူပေါင်း ၈၅၀၀၀ ခန့်ကိုလည်း တစ်နှစ်အတွင်း အစိုးရက ဘဏ္ဍာရေးအထောက်အပံ့ပေးအပ်သွားမည် ဖြစ်သည်။
အဆိုပါစီမံကိန်းကို ဆော်ဒီအစိုးရ အိမ်ခြံမြေဖွံ့ဖြိုးရေးရန်ပုံငွေ၊ ဘဏ်များနှင့် ဘဏ္ဍာရေးအင်စတီကျူးရှင်းများအကြား လက်တွဲအကောင်အထည်ဖော်သွားမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)