နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှာ အဆင့်မြင့် လယ်ယာ ဖော်ဆောင်ဖို့ ဧက ၃၀၀ ကျော် သတ် မှတ်ခဲ့ပေမဲ့ တောင်သူတွေရဲ့ ဟန့်တားမှုကြောင့် ဧက ၅၀ ကျော်သာ ဖော်ဆောင်နိုင်ပြီး စီမံကိန်း ရပ်တန့်ထားရ တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိရပါတယ်။
ပျဉ်းမနားမြို့နယ် ဇီးဖြူပင် ကျေးရွာအုပ်စု ဇီးဖြူပင်ကွင်းရှိ လယ်မြေ ဧက ၃၀၀ ကျော်မှာ အဆင့်မြင့်လယ်ယာ ဖော်ဆောင်ဖို့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စပြီး စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
“ပရော့ဂျက်နဲ့ လုပ်တာဆိုတော့ လယ်ယာဖော်ဆောင်တဲ့အခါမှာ လယ်သမားက ပေးစရာမလိုဘူး၊ ဘယ်မှာ ပြ ဿနာ ဖြစ်လဲဆိုတော့ ပိုင်ဆိုင်မှုမှာ ပြဿနာတတ်တယ်၊ တောင်သူရဲ့ ပိုင်ဆိုင်မှုက မတူတော့ ကြားထဲမှာ ဖြစ် နေတဲ့ တောင်သူက သူ့လယ်ပျောက်မှာဆိုတော့ လက်မခံဘူး၊ တချို့ကလဲ လုပ်မယ်၊ တချို့ကလဲ မလုပ်ဘူး နဲ့ တော်တော် ညှိယူရတယ်”လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်း ဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
“တောင်သူတွေ အဓိက စိုးရိမ်တာက လက်ရှိ သူတို့ ပိုင်ဆိုင်ထားတဲ့ မြေကွက်ကို ပျောက်ပျက်သွားမှာ စိုးရိမ် နေကြတာ ဖြစ်ပါတယ်၊ အဲဒါကို ညှိနေရတာနဲ့ပဲ ဧက ၃၀၀ ကို ကြိုးစားလိုက်တာဟာ ၅၄ဧကသာ အောင်မြင်ပါ သေးတယ်” လို့ ဦးမျိုးထင်းထွန်းက ဆက်ပြောပါတယ်။
အဆင့်မြင့်လယ်ယာ ဖော်ဆောင်ရာမှာ တစ်ဧကကို ကုန်ကျစရိတ်က လက်ရှိ လယ်သမားတွေရဲ့ မြေကွက်မှာ ပုံစံအမျိုးမျိုး ရှိတာကြောင့် အနိမ့်၊ အမြင့်၊ အရွယ်အစား မတူတာကို တစ်စုတစ်စည်းတည်း ပြန်ပေါင်းပြီး ကုန် ထုတ်လမ်း၊ ရေနုတ်မြောင်း၊ ရေသွင်းမြောင်းတွေ ဖောက်လုပ်ရတာကြောင့် တစ်ဧကရဲ့ ကုန်ကျစရိတ်နှုန်းမှာ ၁၂ သိန်းကျော် ကုန်ကျပြီး အဲ့သည်ကုန်ကျစရိတ်တွေကို အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှု ရန်ပုံငွေအဖွဲ့ (IFAD) နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျန်ဧကတွေကို ဆက်လက် ဖော်ဆောင်ဖို့ ညှိနှိုင်းဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့တွေရှိ ပေါင်းလောင်း၊ ချောင်းမငယ်နဲ့ မဒန်း ရေလှောင်တမံအတွင်းမှ ရေတွေကို ရယူပြီး ကျန်ရှိတဲ့ လယ်ယာမြေတွေကို အဆင့်မြင့် ဖော်ဆောင်သွားဖို့ စီမံ ချက်တွေ လျာထားလျက်ရှိတယ်လို့လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
Credit: Kumudra