တန်ဖိုးနည်း အိမ်ရာတွေနဲ့ ပက်သက်ပြီး အခုတလောမှာ တာဝန်ရှိသူတွေ ဘက်ကကျယ်ကျယ် ပြန့်ပြန့်လေး ဆွေးနွေးကြလာသလို ပြည်သူတွေ အကြားမှာလည်း ဒီဆွေးနွေးချက်တွေ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ တိတ်တခိုးလေး မျှော်လင့်နေကြပါတယ် ။
ဇန်န၀ါရီလ ၁၃ ရက်နေ့ ဒုသမ္မတ ( ၁ ) ဦးမြင့်ဆွေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဘက်က တန်ဖိုးနည်းအိမ်ရာ တွေကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ် ။ အိမ်ရာ လိုအပ်ချက်တွေ အရမ်းကြီးမားလွန်းတာကြောင့် စီးပွားရေး လုပ်ငန်းရှင် ဆောက်လုပ်ရေး သမားတွေဘက်က ငွေအရင်ကြိုစိုက်ပြီး ဆောက်ထား ၊ ပြီးရင် အိုးအိမ်အပ်ပြီး ဘဏ်က တဆင့် ပြန်ရောင်းဖို့ ဆိုတဲ့ စနစ်သစ်တစ်ခုကို ပွဲထုတ်လာပါတယ် ။
တစ်စတုရန်းပေကို ကုန်ကျစရိတ် ၂၃၀၀၀ နှုန်းနဲ့ အကျယ်အ၀န်း ၅၀၀ စတုရန်းပေ ရှိတဲ့ အခန်းတွေကို ဆောက်သွားမှာ ဖြစ်အတွက် အခန်းတစ်ခန်းကုန်ကျစရိတ်က ကျပ်သိန်း ၁၂၀ ၀န်းကျင်လောက် ကျသင့်မှာဖြစ်ပါတယ် ၊ အိုးအိမ်က ရောင်းပေးနေတဲ့ ပျမ်းမျှဈေးနှုန်း သိန်း ၁၂၀ ထက် မနည်းလွန်း မများလွန်း ဈေးနှုန်းဖြစ်ပေမယ့် အားသာချက်တစ်ခုကတော့ ဈေးကွက်လိုအပ်ချက်ရှိတဲ့ အတိုင်း ဘဏ်တွေဘက်ကလည်း ပံ့ပိုးပေးနိုင်မယ်ဆိုရင် လိုအပ်သလောက်ကို အလျင်အမြန် ဆောက်လုပ်ဖြည့်ဆည်းပေးနိုင်တဲ့ အားသာချက် ရှိပါတယ် ။
နိုင်ငံတော်ရဲ့ ဘတ်ဂျတ် အခြေအနေအရ အစိုးရအနေနဲ့ ပြည်သူ့လိုအပ်ချက်တွေကို တချိန်တည်း တပြိုင်နက်တည်း ဖြည့်ဆည်းပေးဖို့ ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး ၊ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းအောင်မြင်တဲ့ အနောက်နိုင်ငံကြီးတွေမှာတောင် ပုဂ္ဂလိကကဏ္ဍကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးကြတာ ဖြစ်ပါတယ် ၊ အစိုးရ တစ်ခုတည်း အိမ်ရာလိုအပ်ချက် အားလုံးကို ဖြည့်ဆည်း တည်ဆောက်ဖို့ဆိုတာကလည်း စောင့်ဆိုင်းရမယ့် ဘတ်ဂျတ်အခြေအနေ ၊ ဘီလီလျံပေါင်းများစွာ ကုန်ကျမယ့် လိုအပ်ချက် ၊ လူအင်အား ၊ စက်ပစ္စည်းကရိယာ နဲ့ ဆောက်လုပ်ရေး ပစ္စည်း အင်အားလိုအပ်ချက်တွေကြောင့် ခက်ခဲပါတယ် ။
စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တစ်ချက်ကတော့ သိန်း ၁၅၀ အောက်တန်ဖိုးနည်း အိမ်ရာ ၀ယ်မယ့် သူတွေ အတွက် ၀င်ငွေခွန်ကို ကင်းလွတ်ခွင့်ပေးဖို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဘက်က တင်ပြခဲ့ကြသလို စီမံဘဏ္ဍာဝန်ကြီးကလည်း တန်ဖိုးနည်းအိမ်ရာ တွေဝယ်သူတွေ အတွက် ၀င်ငွေခွန်လွတ်အောင် အစိုးရ ဘက်ကိုပြန်လည်တင်ပြပေးမယ့် သတင်းကောင်းဖြစ်ပါတယ် ၊ အိမ်ခြံမြေ ဆောက်လုပ်ရေး လောကမှာ အကြီးအကျယ်ဆုံး ဒုက္ခပေးနေတာကတော့ အခွန်အကောက် ကြီးလေးမှု ပြသနာ ဖြစ်ပြီး ဒီအကျိုးဆက်ကြောင့် ၀ယ်သူတွေ မ၀ယ်ရဲတော့တဲ့ အကြောင်းတရားတစ်ရပ်လည်း ဖြစ်ပါတယ် ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း အ၀ယ်မရှိတော့တဲ့ အတွက် လုပ်ငန်းရှင်တွေ အတွက်လည်း တန်ဖိုးမြင့် တန်ဖိုးလတ် ၊ တန်ဖိုးသင့် ၊ တန်ဖိုးမျှတ နှင့် တန်ဖိုးနည်း အိမ်ရာတွေမှာပါ လုပ်ငန်းရှင်တွေ ဘက်ကရင်းနှီးမြုပ်နှံဖို့ လက်တွန့်နေကြပါတယ် ၊ အခွန်လျှော့ပေးပြီး ဈေးကွက်ပြန်လည် နိုးထဖို့ အတွက်တောင် အချိန်ယူရအုံးမှာ ဖြစ်ပါတယ် ။
အခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်က တန်ဖိုးနည်း အိမ်ရာတွေကို ငွေကြိုစိုက်ပြီး ဆောက်ထားပေးမယ် ပြီးမှ ဘဏ်နဲ့ ချိတ် ပြန်မယ်ဆိုတဲ့ သတင်းထွတ်လာတော့ အစိုးရလည်း ငွေစိုက်ထုတ် ဆောက်စရာ မလိုတော့သလို အိမ်ရာလိုအပ်တဲ့ လူတွေအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်က ပြန်လည်နိုးထလို့လာပါတယ် ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသလို အမှန်တကယ် အိမ်ရာလိုအပ်သူတွေရဲ့ လတ်တလော ဖြေရှင်းနေရတဲ့ အခက်အခဲတွေ ၊ ဒုက္ခတွေကလည်း မသေးလှပါဘူး ၊ သိန်းထောင်ရာကျော်တန်တဲ့ တိုက်အိမ်ကြီးတွေကို ငေးမောကြည့်ပြီး ကျောတခင်းစာနေရာလေးတစ်ခု အတွက် ဘ၀နောင်ရေး စိတ်မအေး ရတဲ့ လူတွေကလည်း ထုနဲ့ထေးဖြစ်ပါတယ်။ဒီလူတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့လိုပါတယ် ။
၂၀၁၅ ခုနှစ် အစပိုင်းလောက်ကတည်း အိမ်ခြံမြေ ဈေးကွက်က အေးသွားတာ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေပါ ကျဆင်းသွားတဲ့ အတွက် မြေပေးရင် တန်ဖိုးနည်းအိမ်ရာ ဆောက်ပေးပါ့မယ် ဆိုတဲ့ လုပ်ငန်းရှင်အချို့ပါ အခုလို ငွေရှားတဲ့ အချိန်မှာ ကြက်ပျောက်ဌက်ပျောက် ပျောက်ကွယ်ခဲ့တာ အားလုံးအသိဘဲဖြစ်ပါတယ် ။
တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရောင်းချလို့ရတဲ့ အမြတ်အစွန်း ရရှိမှု ပမာဏ ကလည်း ရင်းနှီးမြုပ်နှံရမယ့် ပမာဏ ၊ ဘဏ်တိုးနှုန်း ၊ အချိန်လုပ်အား တွေနဲ့ တွက်ဆရင် တွက်ခြေကိုက်မှုနည်းလို့ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေ မေ့မေ့ပျောက်ပျောက်နဲ့ ထားထားတဲ့ issue တစ်ခုဖြစ်ပါတယ်။ အခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဘက်က ငွေကြိုစိုက်ထုတ်ပြီး ဈေးကွက်လိုအပ်ချက်ရှိတဲ့ အတိုင်း ဖြည့်ဆည်း ဆောက်လုပ်ပေးပါမယ် ဆိုတဲ့ တင်ပြချက် အတိုင်းသာ အကောင်အထည် ဖော်နိုင်ရင် လူသာဓုခေါ် ၊
နတ်သာဓု ခေါ်ကြမှာဖြစ်ပါတယ် ။
တန်ဖိုးနည်းအိမ်ရာတွေ မဲဖောက်ရောင်းပေးမယ် ဆိုတဲ့ သတင်းထွတ်လာရင် လျှောက်လွှာတွေတင်လိုက်ကြ ၊ တကယ်လည်း မဲဖောက်ရော မပါလို့ မျှော်လင့်ချက်ရောင်ခြည်တွေ ပေါ်လာလိုက် ပျောက်သွား လိုက်နဲ့ ပြည်သူတွေလည်း ပင်ပန်းနေကြပါပြီ ။ ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့် ရဖို့အတွက်လည်း သက်တောင့်သက်သာ ရှိနိုင်တဲ့ နှစ်ရှည်ငွေသွင်းစနစ်တွေပါ တပါတည်း ဖော်ဆောင်ပေးရမှာဖြစ်ပါတယ် ၊ မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးကတော့ တန်ဖိုးနည်းအိမ်ရာမှန်သမျှ ဘဏ်စနစ်နဲ့ ရေရှည် အရစ်ကျ ငွေမသွင်းနိုင်ရင် တန်ဖိုးနည်းလို့ သတ်မှတ်လို့ မရနိုင်ဘူးလို့ ပြောထားပါတယ် ။
ဒီမိုကရေစီ အစိုးရလက်ထက် ၊ ကြိုနီစနစ် ၊ လာဘ်သိပ်ထိုးစနစ်တွေ ကို ကြိုးစားတိုက်ဖျတ်နေတဲ့ အမေစု အစိုးရ ဦးဆောင်တဲ့ ယခုအချိန်အခါကောင်းမှာတော့ ပြည်သူ့လိုအပ်ချက်ဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အစိုးရ ၊ ပုဂ္ဂလိက ၊ ဘဏ် သုံးဦးသုံးဖလှယ် ပူးပေါင်းပြီး ဖြည့်ဆည်းပေးမယ်လို့ ပြည်သူအများက မျှော်လင့်လျက် ရှိကြောင်း တင်ပြလိုက်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com