ဂိုးမန်းဆက်ခ်ျနှင့် အပိုလိုအာရှ စပရင့်ဦးပိုင်ကုမ္ပဏီတို့သည် အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ငွေ ၈ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၂၃၅ သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အမြင့်ဆုံးအဆောက်အအုံအတွက်လည်း ပါဝင်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပြုထားသော ရင်းနှီးမြှုပ်နှံမှုတွင် ရှယ်ယာတန်ဖိုး ကန်ဒေါ်လာ ၂၁၆ သန်းနှင့် ဘဏ္ဍာငွေ ကန်ဒေါ်လာ ၁၈ ဒသမ ၈ သန်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီတွင် အပြီးသတ်ထည့်ဝင်ရင်းနှီးမြှုပ်နှံနိုင်မည်ဟု မျှော်လင့်ထားကြောင်း အဆောက်အအုံဆောက်လုပ်မည့် developer ဖြစ်သော Pace Development အများပိုင်ကော်ပိုရေးရှင်းက ထုတ်ဖော်ပြောကြားသည်။
ဂိုးမန်းဆက်ခ်ျနှင့် အပိုလိုအာရှ စပရင့်ဦးပိုင်ကုမ္ပဏီတို့သည် Pace ကော်ပိုရေးရှင်း၏ စီမံကိန်းနှစ်ခုနှင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာမည့် မဟာနခွန်တာဝါအမည်ရှိ မိုးမျှော်တိုက် အပြီးသတ်ဆောက်လုပ်ရေးတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
မဟာနခွန်သည် ထိုင်းနိုင်ငံတွင် အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်ပြီး ၇၇ ထပ်အမြင့်ရှိကာ ၃၁၄ မီတာ မြင့်မားမည် ဖြစ်သည်။
ယင်းပရောဂျက်တွင် ဇိမ်ခံလူနေခန်းများ၊ ဟိုတယ်တစ်ခု၊ စားသောက်ဆိုင်များနှင့် လက်လီအရောင်းဆိုင်များ ပါဝင်မည် ဖြစ်သည်။
ဟိုတယ်တွင် အခန်းပေါင်း ၁၅၄ ခန်းပါဝင်မည်ဖြစ်ပြီး၊ ဇိမ်ခံလူနေခန်းမှာ ၂၀၉ ခန်းရှိမည်ဖြစ်ကာ လက်လီအရောင်းဆိုင်နေရာအတွက် စတုရန်းမီတာ ၁၀၀၀၀ အကျယ်အဝန်း ပါဝင်မည်ဟု ဆိုသည်။
ဂိုးမန်းဆက်ခ်ျနှင့် အပိုလိုအာရှ စပရင့်ဦးပိုင်ကုမ္ပဏီတို့၏ ပါဝင်ရင်းနှီးမြှုပ်နှံမှုများကို မဟာနခွန်တာဝါအပြီးသတ်ဆောက်လုပ်နိုင်ရန်နှင့် အကြွေးများ ပေးချေရန်အတွက် အသုံးပြုမည်ဟုလည်း ဆိုသည်။
Pace ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဆိုရာပေါ့ဂ်ျ တီချာကရိုင်စရီက ပြောကြားရာတွင် “အပိုလိုနဲ့ ရေရှည်လက်တွဲနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ အပိုလိုက နယူးယောက်မှာ ရုံးချုပ်ရှိပါတယ်” ဟု ပြောကြားသည်။
ဂိုးမန်းဆက်ခ်ျနှင့် အပိုလိုအာရှ စပရင့်ဦးပိုင်ကုမ္ပဏီတို့သည် Pace ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်လျက်ရှိသော စီမံကိန်းနှစ်ခုတွင် ၄၉ ရာခိုင်နှုန်း ပူးတွဲပိုင်ဆိုင်မည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုမှ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လိုက်ပြီးနောက် Pace ကော်ပိုရေးရှင်း၏ ရှယ်ယာတန်ဖိုးများသည် ဘန်ကောက်ဈေးကွက်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ အမြင့်မားဆုံးအဆောက်အအုံ ၃ ခုစာရင်း (ဝီကီပီဒီယာ)
၁။ မဟာနခွန် ၊ ဘန်ကောက်၊ ၃၁၄ မီတာ (၁၀၃၀ ပေ) ၊ ၇၇ ထပ် ၊ ၂၀၁၆ တွင် အပြီးသတ်
၂။ ဘိုင်ယုတ်တာဝါ II ၊ ဘန်ကောက်၊ ၃၀၄ မီတာ (၉၉၇ ပေ)၊ ၈၅ ထပ်၊ ၁၉၉၇ တွင် အပြီးသတ်
၃။ ရေးဗားဆောက်သ်တာဝါ၊ ဘန်ကောက်၊ ၂၆၈ မီတာ (၈၇၆ ပေ) ၊ ၇၁ ထပ်။ ၂၀၁၁ တွင်အပြီးသတ်
၎။ စတိတ်တာဝါ၊ ဘန်ကောက်၊ ၂၄၇ မီတာ (၈၁၀ ပေ) ၊ ၆၈ ထပ်၊ ၂၀၀၁ တွင် အပြီးသတ်
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)