ဒူဘိုင်းတွင် အိမ်ခြံမြေအကျိုးဆောင်တို့အတွက် အာဏာပိုင်တို့က စည်းကမ်းသစ်များ ချမှတ်လိုက်ကြောင်း ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုထုတ်ပြန်လိုက်သည့် စည်းမျဉ်းသစ်အရ ဒူဘိုင်းအိမ်ခြံမြေအကျိုးဆောင်တို့သည် အိမ်ပိုင်ရှင်များနှင့် စာဖြင့်ရေးသားထားသည့် သဘောတူချက်တစ်ခုကြိုတင်ရယူမှသာ နေအိမ်များကို ဈေးကွက်တွင် ရောင်းချ၊ ငှားရမ်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဒူဘိုင်း မြေယာဌာနက ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။
အဆိုပါသဘောတူချက်ကို ပုံစံ - က (Form A) ဟု အမည်ပေးထားပြီး သက်ဆိုင်ရာ အိမ်ခြံမြေအား ဈေးကွက်တင် ရောင်းချခြင်း၊ ငှားရမ်းခြင်း ခွင့်ပြုစာဖြစ်ပြီး အိမ်ရှင်နှင့် အကျိုးဆောင်နှစ်ဘက်လုံးမှ လက်မှတ်ရေးထိုးရမည် ဖြစ်သည်။
ယင်းသို့ လက်မှတ်ရေးထိုးထားသည့် နေအိမ်များသာ အွန်လိုင်းတွင် တင်၍ ရောင်းချ၊ ငှားရမ်းခြင်း၊ ပုံနှိပ်မီဒီယာများတွင် ကြော်ငြာကာ ရောင်းချ၊ ငှားရမ်းခွင့် ရရှိမည် ဖြစ်သည်။
ပုံစံ - က မှာ ဒူဘိုင်းတွင် ယခင်ကတည်းကပင် ရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အိမ်ခြံမြေအကျိုးဆောင်နှင့်
အိမ်ရှင်အချို့ သာလျှင် လက်မှတ်ရေးထိုးလေ့ရှိကြသည်။
ယခုအခါတွင်မူ သဘောတူညီချက်လက်မှတ်ထိုးထားသည့် နေအိမ်များကိုသာ
ဈေးကွက်တင်ခွင့် ခွင့်ပြုချက်ထုတ်ပေးမည်ဖြစ်ပြီး
e-service system ဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဒူဘိုင်းမြေယာဌာနက ထုတ်ပြန်ထားသည်။
“ဒီလို လက်မှတ်ရေးထိုးထားတာက မြေရှင်၊ အိမ်ရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးဆောင်တွေ အပါအ၀င် အရောင်းအ၀ယ်၊ ငှားရမ်းမှုမှာ ပါဝင်တဲ့သူအားလုံးရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒူဘိုင်းမြေယာဌာန၊ အိမ်ခြံမြေလိုင်စင်ထုတ်ပေးရေးဌာန၏ ညွှန်ကြားရေးမှူး အလီ အဗဒူလာ အယ်လ်အလီက ပြောကြားသည်။
အိမ်ခြံမြေပိုင်ရှင်တစ်ဦးအနေဖြင့် မည်သည့်အိမ်ခြံမြေကိုမဆို ဈေးကွက်တင်ရန်အတွက် အကျိုးဆောင်တစ်ဦးထက်ပို၍ ချိတ်ဆက်လုပ်ဆောင်ခွင့် ပေးအပ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)