နိုင်ဂျီးရီးယားနိုင်ငံ၏ မြို့ တော်လာဂေါ့စ်တွင် ခေတ်မီမြို့ ပြအသွင်ကူးပြောင်းရေးအတွက် ကမ်းခြေရှိ ဆင်းရဲသားရပ်ကွက် ဖျက်သိမ်းမှုများကြောင့် လူပေါင်း ၃၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်သွားကြရကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေရှိ ဆင်းရဲသားရပ်ကွက်များကို ဖျက်သိမ်းပြီး လုံးချင်းအိမ်ရာများပါဝင်သော မြို့ သစ်တစ်ခု တည်ဆောက်လျက်ရှိသည်။
လာဂေါ့စ်သည် လူဦးရေ သန်း ၂၀ ခန့်ရှိသော နိုင်ဂျီးရီးယား၏ မြို့ တော်ဖြစ်ပြီး မြို့ ပြ၏ လိုအပ်ချက်များ ပြည့်စုံစွာရရှိခြင်း မရှိချေ။
မကြာသေးမီက ဖျက်သိမ်းလိုက်သော ဆင်းရဲသားရပ်ကွက်မှာ လာဂေါ့စ်၏ အရှေ့ တောင်ဘက် လက်ကီခရိုင်မှ ဈေးအနီးရှိ တံငါရပ်ကွက်တစ်ခုဖြစ်သော အိုတိုဒို ဂျီဘာမီ ရပ်ကွက်ကလေးဖြစ်ပြီး နိုဝင်ဘာလ အစောပိုင်းတွင် ဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။
နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အကြားတွင် အဆိုပါဒေသကို
မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ကြပြီး အိမ်ခြေထောင်ပေါင်းများစွာမှာ အပျက်အစီးပုံများ ဖြစ်သွားခဲ့သည်။
လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များသည် မြေတူးစက်များဖြင့် ရောက်ရှိလာပြီး အင်အားသုံးဖျက်သိမ်းကြရာတွင် လူအနည်းဆုံး ၃ ဦးခန့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ယင်းနောက် အဆိုပါဒေသ၀န်းကျင်ကို မီးရှို့ ခဲ့ကြပြီး အချို့ သူများနောက်သို့ လိုက်လံဖမ်းဆီးခဲ့ကြသည်ဟုလည်း ဒေသခံတို့က ပြောကြားသည်။
ထိုသို့ဖျက်သိမ်းမည်ဟု ကြိုတင်သတိပေးခဲ့ခြင်းပင် မရှိကြောင်းလည်း ဒေသခံတို့က ပြောကြားသည်။
ဖျက်သိမ်းခံလိုက်ရသည့် ဒေသတွင် နေထိုင်သူ အများစုမှာ အီဂန်လူမျိုးစုများဖြစ်ပြီး လာဂေါ့စ်တွင်နေထိုင်ခဲ့သည်မှာ ရာစုနှစ်တစ်ခုကျော် ရှိခဲ့ပြီဟု ဆိုသည်။
ယခုအခါတွင် အိုးအိမ်မဲ့ဖြစ်သွားကြပြီး သွားစရာမရှိသောကြောင့် အပျက်အစီးပုံများကြားတွင် တိုးဝှေ့နေထိုင်ကြရလျက်ရှိသည်။
မြို့ အုပ်ချုပ်ရေးမှူး အေကင်ဝမ်မီ အမ်ဘိုဒီက အောက်တိုဘာလအတွင်းပြောကြားခဲ့ရာတွင် မြို့ တော်အတွင်းတွင် ရာဇ၀တ်မှု ကျူးလွန်သူများ ပုန်းအောင်းလေ့ရှိသော အဆိုပါဒေသကို ဖျက်သိမ်းရန် စီမံကိန်းရှိကြောင်း အရိပ်အမြွက်ပြောခဲ့ဖူးသည်။
လာဂေါ့စ်မြို့ ကြီးတွင် ရပ်ကွက်တစ်ခုလုံးကို ဖျက်သိမ်းခဲ့ဖူးသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။
၁၉၉၀ ပြည့်နှစ်အတွင်း ဗစ်တိုးရီးယားကျွန်းရှိ မာရိုကိုမြို့ ကို အာဏာပိုင်တို့က အင်အားသုံးဖျက်သိမ်းခဲ့ရာ လူပေါင်း ၃၀၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)