ရန်ကုန်စတော့အိတ်ချိန်းတွင် ခြောက်ခုမြောက် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းအဖြစ် အမရ ရင်းနှီးမြှုပ်နှံမှု ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီကို လုပ်ကိုင်ခွင့်လိုင်စင် (Underwriting License) ထုတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က နိုဝင်ဘာလနောက်ဆုံးပတ်တွင် ထုတ်ပြန်သည်။
အမရ ရင်းနှီးမြှုပ်နှံမှု ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (AIS)သည် ယူနိုက်တက်အမရဘဏ်၏ လက်အောက်ခံ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလတွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလုပ်ကိုင်ရန် ရွေးချယ်ထားသော ကုမ္ပဏီဆယ်ခုစာရင်းတွင် ပါဝင်ပြီးဖြစ်သည်။
စတော့ရှယ်ယာ ရောင်းဝယ်သည့် စာရင်းဖွင့်လှစ်ခြင်းနှင့် ၀န်ဆောင်မှုများကိုမကြာမီစတင်မည်ဖြစ်ပြီး လုပ်ငန်း၏ ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း AIS မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ပြီး တစ်နှစ်အကြာတွင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီခြောက်ခုအထိ ရှိလာပြီးစာရင်းဝင် အများပိုင်ကုမ္ပဏီမှာမူ သုံးခုသာရှိသည်။
"YSX မှာ စာရင်းဝင်ကုမ္ပဏီတွေ ဒီထက်ပိုများလာအောင် လုပ်ဖို့လည်း လိုသေးတယ်၊အခုက တစ်နှစ်ပြည့်တော့မယ်၊ Listed ကုမ္ပဏီက သုံးခုပဲရှိတယ်၊၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီက ခြောက်ခုဖြစ်နေပြီ" ဟု မြန်မာသီလ၀ါ အများပိုင်ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးက ဆိုသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် KBZSC ၊ MSEC ၊ CB Securities ၊ AYA Trust နှင့်ံKTZ Ruby Hill ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီငါးခုက စတော့ရှယ်ယာ ရောင်းဝယ်မှုဆိုင်ရာ ၀န်ဆောင်မှုများ လုပ်ကိုင်လျက်ရှိသည်။
Credit: The Voice