ဈေးနှုန်းသက်သာတဲ့ တစ်နိုင်တစ်ပိုင်မြေကွက်တွေ အရောင်းအဝယ်သွက်နေတယ်လို့ မန္တလေးက အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။
“ခုလက်ရှိက ဝါကျွတ်ကာလ ဖြစ်နေတာ၊ နောက်တစ်ခုက အိမ်ငှားစရိတ်တွေ ကြီးမြင့်လာတော့ နှစ်ရှည် အိမ်ငှားစာချုပ် မချုပ်တော့ဘဲ အပိုင်ဝယ်ဖို့ စိတ်ကူးလာကြတယ်” လို့ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက ပြောပါတယ်။
တန်ဖိုးနည်းတိုက်ခန်းတွေကလည်း တစ်ဆင့်ပြန်ဝယ်မယ်ဆိုရင် ကျပ်သိန်း ၂၀၀ တန်တဲ့ တိုက်ခန်းတွေက သိန်း ၃၀၀ လောက် ဖြစ်နေတော့ ဈေးသက်သာတဲ့ မြေနေရာတွေမှာ ဝယ်ယူနေထိုင်လာကြတယ်လို့ ဆိုပါတယ်။
အခြေခံလူတန်းစားတွေဟာ မန္တလေးမြို့သစ်ဘက်မှာရှိတဲ့ ပေ ၂၀× ပေ ၆၀၊ ပေ ၃၀× ပေ၄၀ တန် ဈေးသက်သာတဲ့ မြေကွက်တွေကို ဝယ်ယူပြီး တစ်နိုင်တစ်ပိုင် အိမ်ဆောက်နေထိုင်လာကြတယ်။
လတ်တလော အရောင်းအဝယ်သွက်နေတဲ့ မြေနေရာတွေက မန္တလေး မြရည်နန္ဒာ၊ အောင်သာယာနဲ့ အောင်ပင်လယ်ဘက်မှာ ရှိတဲ့ မြေဈေးနှုန်းသက်သာတဲ့ သိန်း ၃၀၀ ဝန်းကျင် မြေကွက်တွေ အရောင်းအဝယ် ဖြစ်နေတာ ဖြစ်ပါတယ်။
Credit:The Modern