ဒူဘိုင်းတွင် အိမ်ခြံမြေများ ရောင်းချမှုမပြုလုပ်မီ ပိုင်ရှင်မည်သူဖြစ်သည်ကို အိမ်ခြံမြေအကျိုးဆောင်များက စစ်ဆေးအတည်ပြုရမည်ဖြစ်ကြောင်း ဒူဘိုင်းမြေယာဦးစီးဌာန (DLD)က ထုတ်ပြန်လိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါစည်းမျဉ်းသစ်အရ ဒူဘိုင်းတွင် အိမ်ခြံမြေအကျိုးဆောင်လုပ်နေသူအားလုံးသည် အိမ်ခြံမြေရောင်းခြင်း (သို့မဟုတ်) ငှားရမ်းခြင်းများ မပြုလုပ်မီတွင် ဒူဘိုင်းအကျိုးဆောင်များ smart စနစ်ကို အသုံးပြု၍ ပိုင်ရှင်အမည်ကို စစ်ဆေးအတည်ပြုရန် လိုအပ်မည် ဖြစ်သည်။
ယင်းစည်းမျဉ်းချမှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒူဘိုင်းအိမ်ခြံမြေဈေးကွက်တွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အခွင့်အရေးအား အကာအကွယ်ပေးရန်ဖြစ်သည်ဟု ဆိုသည်။
ဒူဘိုင်း မြေယာဦးစီးဌာနမှ အိမ်ခြံမြေလိုင်စင်ဌာန၏ ညွှန်ကြားရေးမှူး အလီအဗ္ဗဒူလာ အယ်လ်အလီက ပြောကြားရာတွင် “ကျွန်တော်တို့ရဲ့ အဓိက အခန်းကဏ္ဍတစ်ခုက အိမ်ခြံမြေဈေးကွက်မှာ ပါဝင်နေတဲ့ ပလေယာအားလုံးအတွက် လုံခြုံပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတဲ့ ၀န်းကျင်မျိုး ပေးစွမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
“ဖောက်သည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ပေးဖို့ဟာ မှတ်ပုံတင်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အိမ်ခြံမြေရောင်းဝယ်ခြင်း ၊ ဒါမှမဟုတ် ငှားရမ်းခြင်းတွေ မပြုလုပ်မီမှာ နေအိမ်ပိုင်ရှင်ကို အတည်ပြုဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဒူဘိုင်းတွင် မှတ်ပုံတင်ထားသည့် အိမ်ခြံမြေအကျိုးဆောင်များသည် Dubai Brokers အမည်ရှိ ဖုန်းအပလီကေးရှင်းကို Play store မှ download ရယူကာ နေအိမ်ပိုင်ရှင်နှင့်စပ်လျဉ်းသည့် အချက်အလက်တို့ကို အတည်ပြုရမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)