အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် Gulf Islamic Investments (GII)ကုမ္ပဏီက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ချယ်လ်ဆီးအရပ်တွင် ပေါင်သန်း ၁၀၀ တန်ကြေးရှိ ဇိမ်ခံလူနေခန်းများ ဆောက်လုပ်မည့်စီမံကိန်းတစ်ခု အကောင်အထည်ဖော်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဇိမ်ခံလူနေခန်းများဆောက်လုပ်မည့် နေရာသည် ယခင်က ရဲတပ်ဖွဲ့အဆောက်အအုံနေရာဖြစ်သည်။
GII သည်အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ဒူဘိုင်းနှင့် လန်ဒန်ရုံးခွဲနှစ်ခုပူးပေါင်းကာ လန်ဒန်အခြေစိုက် DEVELOPER ဖြစ်သော Northacre နှင့် ဗိသုကာအဖွဲ့ Squire&Partnersတို့ဖြင့်လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းစီမံကိန်းကို မြေအကျယ်အ၀န်း ၈၅၀၀ စတုရန်းပေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အိပ်ခန်း ၁ ခန်းမှ ၃ ခန်းအထိပါသော အဆင့်မြင့်လူနေခန်းများအဖြစ် တည်ဆောက်မည် ဖြစ်သည်။
ဆောက်လုပ်မည့်မြေနေရာကို ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကပင်ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးစီမံကိန်းများစတင်နေပြီဖြစ်ကာအပြီးသတ်ပြီးစီးရန်အတွက် ၄၅ လခန့် အချိန်ယူရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
“ကမ္ဘာ့အိမ်ခြံမြေဈေးကွက်မှာ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားဖို့ လျာထားတဲ့အနက်က ဒီစီမံကိန်းလည်း တစ်ခုအပါအ၀င်ဖြစ်ပြီး ဒါဟာ ဗြိတိန်မှာ ကျွန်တော်တို့ရဲ့ ဒုတိယခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု GII မှ အမှုဆောင်အရာရှိချုပ်မိုဟာမက်အယ်လ်ဟာဆန်က ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဗြိတိန်ရဲ့စီးပွားရေးကိုယုံကြည်လျက်ရှိဆဲ ဖြစ်ပါတယ်။ ဘရက်ဇစ်နောက်ပိုင်းမှာလည်း အလားအလာကောင်းနေဆဲပါ။ ဗြိတိန်ကို ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့ မဲပေးလိုက်ကြတာကြောင့် စတာလင်ပေါင်တန်ဖိုးဟာ ပြိုင်ဘက်ငွေကြေးတွေနဲ့ယှဉ်ရင် ကျဆင်းသွားခဲ့ရတယ်။ ဒါရဲ့ အကျိုးဆက်အားဖြင့် လန်ဒန်မှာ ဇိမ်ခံလူနေအိမ်နဲ့ ရုံးခန်းတွေ ၀ယ်ယူလာကြစေဖို့ တနည်းတဖုံအကျိုးပြုသွားတာတွေ့ရပါတယ်” ဟု ဟာဆန်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)