အစိုးရက လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အိမ်ရာအများစုက မူလက တန်ဖိုးနည်း ပြည်သူ တွေကို ရည်ရွယ်ဆောက်လုပ်ကြတာဖြစ်ပေမဲ့ကုန်ကျစရိတ်နဲ့ မြေနေရာအခက်အခဲကြောင့်တန်ဖိုးမြင့်နဲ့တန်ဖိုးသင့်အိမ်ရာတွေ ဖြစ်ပေါ်လာကြတာ များနေပါတယ်။
‘စည်ပင်က ဆောက်တဲ့အိမ်ရာကောအိုးအိမ်ကအိမ်ရာတွေကပါ အစက ဈေးနှုန်းတွေနည်းတယ်၊ နောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီနဲ့ ကုန်ကျစရိတ်တင်ပြရင်းနဲ့ သိန်း ၃၀၀ လောက် အိမ်တွေဖြစ်သွားတယ်၊ တချို့ ဓာတ် လှေကားပါတဲ့ အိမ်တွေဆို သိန်း ၆၀၀ လောက်အထိ ဈေးမြင့်သွားတယ်’ လို့စီးပွားရေးနှင့်အိမ်ခြံမြေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
တကယ့်လိုအပ်ချက်
တကယ့်လိုအပ်ချက်ဖြစ်နေတဲ့အိမ်ရာတွေကတော့ကျပ်သိန်း ၁၀၀ အောက် အိမ်ရာတွေနဲ့ အငှားအိမ်ရာ တွေ ဖြစ်ပါတယ်။ ဒါ့အပြင်ဝယ်ယူသူကိုဝန်ထုတ်ဝန်ပိုးမဖြစ်စေတဲ့ နှုန်းထား
သက်သာတဲ့ဘဏ်ချေးငွေတွေလိုအပ်ပါတယ်။အခုနောက်ဆုံး အစိုးရဘက်က ရောင်းချနိုင်တဲ့ အရစ်ကျပုံစံကတော့ ပထမအရစ် ၃၀ ရာခိုင်နှုန်း ပေး သွင်းရတဲ့ ပြဿနာက ဝယ်ယူချင်သူတွေကို လက်တွန့်စေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်နဲ့အရင်အစိုးရလက်ထက်တွေတုန်းက တန်ဖိုးနည်းအိမ်ရာတွေဖြစ်တဲ့ ယုဇနဥ ယျဉ်မြို့တော် ၊ မဟာမြိုင်နဲ့ တော်ဝင်အိမ်ရာတွေတည်ဆောက်ခဲ့ပေမဲ့ ဈေးနှုန်းနဲ့မြို့ပြတည်ဆောက်မှုအနေအထားနဲ့မကိုက်ညီတာကြောင့် အောင်မြင်မှု မရှိခဲ့တာ ဖြစ်ပါတယ်။
‘အိမ်ပိုင်ချင်လားဆိုရင် လူတိုင်းလိုလားတဲ့ အိပ်မက်တစ်ခုပဲ၊ ဒါပေမဲ့ ဝင်ငွေနဲ့ ဝယ်နိုင်စွမ်းအားမမျှတော့ အငှား ဘဝက တတ်မလာရတာအိမ်ဈေးတွေကလဲအခုချိန်မှာထပ်မတက်
ပေမဲ့သိသိသာသာကျပြီးလူတိုင်းဝယ် နိုင်တဲ့ ဈေးမဖြစ်သေးဘူး’ လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။
အစိုးရ အားနည်းချက်
အိမ်ရာနဲ့ပတ်သတ်တဲ့ အစိုးရအားနည်းချက်တွေကတော့ မြို့မြေနေရာအသစ်တိုးတတ်မှုအားနည်းတာနဲ့အိမ်ရာတန်ဖိုးကို အနည်းဆုံးဖြစ်အောင် မလျှော့ချနိုင်တာပဲ ဖြစ်ပါတယ်။ တည်ဆောက်မှုနဲ့ကုန်ကျစရိတ်မလျှော့ချနိုင်တာကြောင့် ဈေးကွက်ထဲမှာအရောင်းအဝယ်အေးနေတဲ့တိုက်ခန်းဈေးတွေလို သိန်း၃၀၀၀ဝန်းကျင်တိုက်ခန်းတွေဝယ်လက်ပျောက်ကုန်တာလည်း ဖြစ်ပါတယ်။
အရင်က တန်ဖိုးသင့် အိမ်ရာတွေကို အစိုးရပိုင်းအရောင်းမှာ ဝယ်လက်များခဲ့တာကလည်းအိမ်ခြံမြေ ဈေးအားကောင်းချိန်နဲ့ ဝယ်လက်များချိန်ကြောင့်ဖြစ်ပြီး အဲသည်အိမ်ရာတွေရဲ့ ၅၀ ရာခိုင်နှုန်း လောက်ကတစ်ဆင့်အရောင်းအဝယ်တွေကြား ဈေးကစားပြီး ပြန်ရောင်းချနေတဲ့ အိမ်ရာတွေ ဖြစ်နေတာပါ။ အစိုးရ ဘက်က သည်လို အိမ်ရာတွေသာ ဆက်လက် အကောင်အထည်ဖော် ရောင်းချမယ်ဆိုရင် အခြေခံလူတန်း စားတွေအနေနဲ့ အိမ်ရာမဲ့ဘဝကို ရုန်းထွက်ဖို့ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။
Credit: The Kumudra