တရုတ်နိုင်ငံ၊ ရှန်ဟိုင်းအခြေစိုက် ဖိုဆန်အင်တာနေရှယ်နယ်လိမိတက်သည် အိန္ဒိယအိမ်ခြံမြေကဏ္ဍသို့ ခြေချဝင်ရောက်ကာ ကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်ဟု ရှန်ဟိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဖိုဆန်အင်တာနေရှင်နယ်သည် အိန္ဒိယရှိ Gland Pharma ဆေးဝါးကုမ္ပဏီ၏ ရှယ်ယာ ၈၆ ရာခိုင်နှုန်းကို ယခုနှစ် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ၀ယ်ယူခဲ့ရာ ယခုခြေလှမ်းမှာ အိန္ဒိယတွင် ဒုတိယမြောက်ကြီးမားသော ခြေလှမ်းပင် ဖြစ်သည်။
ဖိုဆန်သည် အိန္ဒိယ အိမ်ခြံမြေဈေးကွက်တွင် ဘလက်စတုန်းနှင့် များစွာအားပြိုင်ရဖွယ်ရှိသည်။
ဘလက်စတုန်းသည် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်တွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံထားသူ ဖြစ်သည်။
စင်္ကာပူရှိ GIC နှင့် ကနေဒါအခြေစိုက် Brookfield တို့သည်လည်း အိန္ဒိယအိမ်ခြံမြေကဏ္ဍတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသူများ ဖြစ်ကြသည်။
တရုတ်အခြေစိုက် Dalian Wanda Group သည်လည်း အိန္ဒိယတွင် စက်မှုဇုန်များတည်ဆောက်ပေးရန်အတွက် ကနဦး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ ယင်းစီမံကိန်းများအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ကုန်ကျဖွယ်ရှိသည်ဟု ဆိုသည်။
ဖိုဆန်သည် အငှားအိမ်ခြံမြေကဏ္ဍသို့ ဦးစွာဝင်ရောက်ကာ ၀င်ငွေရှာမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အခြားစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။
အိန္ဒိယသို့ ၀င်ရာတွင် ဖိုဆန်သည် ဂျပန်၊ သြစတေးလျနှင့် ဗြိတိန်ဈေးကွက်များသို့ ၀င်ရောက်ပုံနှင့်အလားတူ ပုံသဏ္ဍာန်မျိုးဖြင့် ချဉ်းကပ်ခဲ့သည်ဟု ဆိုသည်။
ဖိုဆန်သည် ဂျပန်တွင် ရုံးခန်းအဆောက်အအုံနှစ်ခုကို မ၀ယ်ယူမီ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ဂျပန်ရှိ IDERA အိမ်ခြံမြေကုမ္ပဏီကို ၀ယ်ယူခဲ့သည်။
ဝယ်ယူသည့်ဈေးနှုန်းကိုမူ ထုတ်ဖော်ကြေညာခြင်းမရှိချေ။
သြစတေးလျတွင်လည်း အိမ်ခြံမြေကုမ္ပဏီများကို ၀ယ်ယူပြီးမှ ရုံးခန်းအဆောက်အအုံများကို ဆက်လက်ရှာဖွေဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဖိုဆန်သည် ယခုနှစ် ဇူလိုင်လအတွင်း လန်ဒန်ရှိ Resolution Property နှင့် ဘဏ္ဍာရေးပူးပေါင်းကာ ဥရောပ ၁၄ နိုင်ငံရှိ အိမ်ခြံမြေများကို ပစ်မှတ်ထားရှာဖွေ ၀ယ်ယူလျက်ရှိသည်။
ယခုအခါတွင် ဖိုဆန်သည် အိန္ဒိယသို့ ခြေဦးလှည့်လာခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)