နိုက်ခ်ဖရန့်မှ ထုတ်ပြန်သော ၂၀၁၆ ကမ္ဘာ့မြို့ကြီးများညွှန်းကိန်းတွင် ပါဝင်သော မိုးမျှော်အဆောက်အအုံများဆိုင်ရာ ညွှန်းကိန်းအရ ရှန်ဟိုင်းသည် ရုံးခန်းငှားရမ်းရမှုအများဆုံးမြို့အဖြစ် ရပ်တည်လျက်ရှိပြီး ဟောင်ကောင်မှာမူ ရုံးခန်းငှားရမ်းခ ဈေးအကြီးဆုံးမြို့အဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါအစီရင်ခံစာ pdf ဖိုင်ကို goo.gl/difXf9 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
မိုးမျှော်တိုက်ညွှန်းကိန်းသည် နိုက်ခ်ဖရန့်မှ နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် ပထမ ၆ လတာကာလအတွင်း ရှန်ဟိုင်း၏ ရုံးခန်းငှားရမ်းမှုမှာ ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။
ယင်းပမာဏမှာ ကမ္ဘာပေါ်ရှိ ထင်ရှားသောမြို့ကြီးအားလုံးထက် သိသာစွာမြင့်မားလျက်ရှိသော ပမာဏပင် ဖြစ်သည်။
ရှန်ဟိုင်း၏ ရုံးခန်းငှားရမ်းရမှုနှုန်းမှာ ၂၀၁၅ ခုနှစ်၊ စတုတ္ထသုံးလပတ်မှ ၂၀၁၉ ခုနှစ်ကုန်အကြား ၁၉ ဒသမ ၂ ရာခိုင်နှုန်း ဆက်လက်မြင့်တက်ဦးမည်ဟု နိုက်ခ်ဖရန့်က ခန့်မှန်းထားသည်။
နိုက်ခ်ဖရန့်၏ စစ်တမ်းတွင် ကမ္ဘာပေါ်ရှိ နာမည်ကျော်မြို့ကြီးပေါင်း ၃၁ မြို့ကို လေ့လာတင်ပြထားသည်။
ဟောင်ကောင်မှာမူ ကမ္ဘာပေါ်တွင် ရုံးခန်းငှားရမ်းခ ဈေးအမြင့်ဆုံးမြို့အဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။
ယင်းသို့ ရုံးခန်းငှားရမ်းခ မြင့်တက်ရခြင်း၏ အကြောင်းရင်းမှာ ပြည်မကြီးမှ စီးပွားရေးလုပ်ငန်းရှင်တို့ အလုံးအရင်းဝင်ရောက်မှုကြောင့် ငှားရမ်းလိုအား မြင့်တက်လာခြင်းကြောင့်ပင် ဖြစ်သည်။
ယခုနှစ် ပထမ ၆ လတာကာလအတွင်း ဟောင်ကောင်၏ ရုံးခန်းငှားရမ်းခမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
ယခုအခါတွင် ဟောင်ကောင်၌ စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၂၇၈ ဒသမ ၅၀ (တစ်နှစ်လျှင်) ကျသင့်လျက်ရှိနေသည်။
ပန်းသီးကြီးဟု နာမည်ကျော်သော နယူးယောက်၏ နာမည်ကျော် မန်ဟက်တန်အရပ်၏ ရုံးခန်းငှားရမ်းခမှာ ဟောင်ကောင်၏ အောက်တွင် စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၁၅၈ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျှက်ရှိရာ ဟောင်ကောင်အောက် ၄၃ ရာခိုင်နှုန်းပင် နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါညွှန်းကိန်းတွင် တွက်ချက်ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိလျှင် ဟောင်ကောင်တွင် စတုရန်းပေ ၁၃၉၆၆ သာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး တိုကျိုတွင် ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် စတုရန်းပေ ၃၂၆၉၄ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)