ရန်ကုန်ဆိုသည်က တစ်ချိန်သောအခါ ကတည်းက စိမ်းလန်းမှုနှင့်ကင်းကွာခဲ့သည်မဟုတ်။ ညို့မှိုင်း သော တောအုပ်ကြီးအလယ်တွင် ရွှေရောင်တပြောင်ပြောင် နှင့် စေတီတော်များ၊ ဘုန်းတော်ကြီးကျောင်းများ ဟိုတစ်ကွက်သည်တစ်ကွက် ပြိုးပြိုးပြက်ပြက်တွေ့ရသော စိမ်းလန်းမှုတို့လွှမ်းခြုံရာ န၀ရတ်ဂေဟာတစ်ခု ။ မည်မျှအထိ သစ်ပင်သစ်တောထူပြွမ်းပါသနည်းဟူမူ ရွှေတိဂုံစေတီတော် အထက်ပစ္စယာသို့ ကျားတက်လာသဖြင့် မျက်နှာဖြူစစ်သား များ သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းခဲ့ရခြင်း အထင်အရှားရှိခဲ့ သည်။ ဒဂုံမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှေ့နေရာသည် ကျားသတ္တ၀ါများကူးသန်းသွားလာရာ လမ်းကြောင်းဖြစ်နေရကား ထိုနေရာတွင်ဆောက်လုပ်ထား သည့် ဘုန်းတော်ကြီးကျောင်း၏အမည်ကိုပင် ကျားကူး ကျောင်းတိုက်ဟု အနွတ္ထသညာပေးလျက် ခေါ်ဝေါ်မှုပြုခဲ့ သည်မှာ ယနေ့ထက်တိုင်။
ရန်ကုန်မြို့ကို မြို့ကွက်စတင်တည်သောအချိန်က ဗြိတိသျှ ကိုလိုနီအစိုးရသည် လမ်းမတော်မြို့နယ်အစွန် ကျုံးကြီးလမ်း ဆီမှသည် ဗိုလ်တထောင်မြို့နယ် ဂျူဒါအီစကယ်လမ်း (ယခု သိမ်ဖြူလမ်း) အထိ လမ်းမကြီးများကိုဦးတိုက်ဖြတ်ပိုင်းထား သော လမ်းသွယ်ကလေးများပုံစံဖြင့် အကွက်ချပုံဖော်ခဲ့သည်။ မြိ့ကွက်နယ်နိမိတ်အားဖြင့် ဆိုခဲ့ပါအတိုင်း သတ်မှတ်ထားသည်မှန်သော်လည်း ထိုစဉ်အခါက ရန်ကုန်မြို့သည် လူနေ ကျဲပါးလွန်းသည့်အတွက် မြို့ကွက်အလယ်ဗဟိုကျသော ဆူးလေစေတီတစ်ဖက်တစ်ချက်ရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်း များကို အထပ်မြင့်တိုက်များဆောက်လုပ်နေထိုင်စေခြင်းဖြင့် လူနေထူထပ်စေရန်စီမံခဲ့သည်။ လမ်းမကြီးများကို ဦးတိုက် လျက်ရှိသည့် လမ်းကျဉ်း၊ လမ်းကျယ်များတွင် မြေကွက်များ သတ်မှတ်ကာ သက်သာသောနှုန်းထားဖြင့်ရောင်းချပေးခဲ့၏။
နံပါတ်တပ်ထားသောလမ်းများကို လမ်းကျဉ်း၊ နံပါတ်ဖြင့် မဟုတ်ဘဲ သီးခြားအမည်တစ်ခုခုဖြင့်ခေါ်တွင်သောလမ်းများ ကိုလမ်းကျယ်ဟု ယေဘုယျသတ်မှတ်ပြီး မြေကွက်ဖော် ရောင်းချပေးရာတွင် လမ်းကျဉ်းမြေကွက်များသည် လမ်းကျယ်မြေကွက်များလောက်မကျယ်ပေ။ ဈေးကွာခြားမှု အပေါ် မူတည်ကွဲပြားခြင်းဖြစ်သည်ဟု ယူဆရသည်။ မြေကွက်များကို အသီးသီးအသကအသကရောင်းချပြီး အထပ်မြင့်တိုက်များတည်ဆောက်ပြီးစီးသောအခါတွင်ကား ရန်ကုန်မြို့လယ်မြင်ကွင်းသည် စိမ်းလန်းမှုကင်းစင်ရာဒေသ ဖြစ်သွားရတော့သည်။ မုန့်သေတ္တာကလေးများ အစီအရီ ပူးကပ်ထားဘိသကဲ့သို့သော အထပ်မြင့်တိုက်ခန်းများသည် ခပ်နိမ့်နိမ့်သစ်သားအိမ်များသာ မြင်သားကျနေသည့် မြန်မာ တို့အမြင်၌ တစ်နည်းတစ်ဖုံဆန်းသစ်နေတော့သည်။
ဆူးလေစေတီတော်နှင့်နီးသော ရန်ကုန်မြို့လယ်ပိုင်းတစ်ခွင် တွင် တစ်ခုနှင့်တစ်ခု ပိကပ်ပိတ်ညပ် အကြားအလပ်မရှိသော တိုက်မြင့်များသာ မင်းမူနေသော်လည်း ထိုစဉ်ကမြို့ကွက် အနေအထားအရ အစွန်အဖျားပိုင်းဟုဆိုရမည့် ဗိုလ် တထောင်မြို့နယ်နှင့် လမ်းမတော်မြို့နယ်ဘက်တို့တွင်တော့ တိုက်တိုင်းသည် ပိကပ်ပြည့်ညပ်စွာတည်ရှိနေသည်မဟုတ်။ ပြီးတော့ လမ်းဧရိယာက ပိုကျယ်သလို သတ်မှတ်ပေးထား သော မြေကွက်ဧရိယာများကလည်း ပိုကျယ်သည်။ နောက်တစ်ခုက မြို့လယ်တိုက်များသည် ကိုယ်တိုင်နေဖို့ထက် ပြန် ရောင်းရန်နှင့် အငှါးချရန် ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ် ရကား ရရှိသောမြေကွက်အပြည့် ဆောက်လုပ်လိုက်သဖြင့် အခန်းများပြည့်ကျပ်ပိညပ်သွားရခြင်းဖြစ်သည်။ မြို့စွန် (ထိုစဉ်က) မြေကွက်များမှာမူ ကိုယ်တိုင်နေထိုင်မည့်သူများက ၀ယ်ယူဆောက်လုပ်ခြင်းဖြစ်သဖြင့် လှုပ်သာလှည့်သာ အသက်ရှူပေါက်များထားရှိခြင်းကြောင့် မြို့ထဲတိုက်ခန်းများ လောက်တော့ မွန်းကျပ်မနေ။
ထိုစဉ်ကအစွန်ပိုင်းကျသည့်မြို့နယ်များတွင် ကိုယ်ပိုင်အိမ် ဆောက်လုပ်နေထိုင်သူတို့သည် အိမ်ကို မြေကွက်အပြည့် မဆောက်မူဘဲ အိမ်ရှေ့-အိမ်နောက်၊ အိမ်ဘေးတစ်ဖက်တစ် ချက်တို့တွင် ကွက်လပ်များချန်၍ ဆောက်လုပ်ကြ၏။ မြေကွက်လွတ်များတွင် အိမ်နှင့်အလျဉ်းသင့်ရာ အပင်ကြီး၊ အပင်လတ်၊ အပင်ငယ်များ စိုက်ပျိုးကြသည်။ အိမ်နံဘေး တစ်ဖက်တစ်ချက် ခေါင်းရင်းနှင့်ခြေရင်းဘက်တွင် သရက်၊ ဩဇာ၊ မာလကာ စသော နှစ်ရှည်သီးပင်များစိုက်ကြသည်။ အိမ်ရှေ့မျက်နှာစာတွင်တော့ စံပယ်၊ နှင်းဆီ၊ ဇွန်၊ ဇီဇ၀ါ စသော အမြင်တင့်စွာပန်းမာလာပင်များ တန်ဆာဆင်စိုက်ပျိုး ကြသည်။ နောက်ဘက်တွင်တော့ အိမ်နောက်ဖေး ဈေးဆိုင် တည် ဟူသောစကားအတိုင်း ဖရုံ၊ သခွား၊ ကြက်ဟင်းခါး၊ ရုံးပတီ၊ ငရုတ်၊ ချဉ်ပေါင် စသော ဟင်းသီးဟင်းရွက်များ စိုက် ထားကြသည်။ စိမ်းစိုမှုအသွင်သဏ္ဌာန်မျိုးစုံအလယ်မှ ဂေဟာ၏အလှသည်ကား မြန်မာဆန်တင့်တယ်ချေစွ။
မြို့လယ်နှင့်မြို့စွန် မြေပိုင်မှုအနေအထားကလည်း သိသိသာ သာ ကွာကွာခြားခြားရှိလှ၏။ မြို့ထဲတိုက်ခန်းမြေညီထပ် အိမ်ဥပစာမှထွက်လိုက်သည်ဆိုလျှင် မြူနီစီပယ်(စည်ပင်သာ ယာ) အပိုင် ရေဆိုးမြောင်းပေါ် ခြေချလျက်သားဖြစ်သွားရ၏။ ထိုမှလွန်သော် ကတ္တရာခင်း မော်တော်ကားလမ်း။ မြို့စွန်မှာ က သည်လိုမဟုတ်။ မိမိအိမ်ဥပစာမှဆင်းလျှင် အိမ်ရှေ့ ခြံစည်းရိုးအစပ်အထိ မိမိပိုင်မြေ။ ခြံစည်းရိုးလွန်သော် မြေသားလမ်းပခုံး။ ထိုမှ ကတ္တရာခင်းကားလမ်း။ ခြံစည်းရိုး အတွင်းဘက်သည် မိမိပိုင်မြေဖြစ်ပြီး ခြံစည်းရိုးပြင်ပလမ်းပခုံး သည် စည်ပင်ပိုင်မြေဖြစ်သော်ငြား ထိုလမ်းပခုံးထက်ဝယ် အရိပ်ရအပင်များ၊ သီးပင်စားပင်များ စိုက်ကြပြန်သည်။ သည်တော့ ကတ္တရာလမ်းချင်းအတူတူ မြို့လယ်မြို့နယ်လမ်း များပေါ်မှ သွားရခြင်းသည် မြို့စွန်မြို့နယ်လမ်းများပေါ်မှ သွားရခြင်းလောက် စိမ်းလန်းရိပ်များနှင့်မနီးစပ်နိုင်။ ပန်းဘဲတန်း၊ ကျောက်တံတား မြို့နယ်များကို ဖြတ်ကျော်ကာ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်များဘက် ရောက်သွား သည်နှင့်တစ်ပြိုင်နက်တည်း စိမ်းလန်းရိပ်တောထဲရောက် သွားသလို ခံစားရတော့သည်။ စိမ်းလန်းခြင်းဆိုသည်က ငြိမ်းချမ်းခြင်းကိုလည်းကိုယ်စားပြုနေရကား မြို့လယ်မြို့နယ် များကို ဖဲကြဉ်မိသည်နှင့် ငြိမ်းချမ်းခြင်းရသကို ခံစားရတော့ သည်။
ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လမ်းမတော်၊ အလုံ မြို့နယ်များ သည် ယခုအနေအထားမှာတော့ မြို့စွန်မြို့နယ်များမဟုတ် တော့ပြီ။ အထပ်မြင့်တိုက်များ အပြိုင်းအရိုင်း ဟည်းထနေ အောင် နေရာယူထားသည့် အထင်ကရမြို့နယ်များဖြစ်နေ သည်မှာ အမြင်နှင့်ပင်သိသာနေတော့၏။ သို့သော်လည်း ဆိုခဲ့ပါမြို့နယ်များတွင် လမ်းမတန်းမဟုတ်သော အတွင်း လမ်းများရှိ အိမ်များတွင် မြေလွတ်မြေလပ်များအထိုက် အလျောက်ကျန်ရှိနေသည့်အားလျော်စွာ ထိုမြေလပ်များ၌ သစ်ပင်ပန်းပင်များစိုက်ပျိုးထားသည်ကို တွေ့နိုငိမြင်နိုင်သေး သည်။ မြန်မာဆိုသည်က စိမ်းလန်းမှုကိုခင်တွယ်တတ်သော သဘော ရှိသည်။ ပျိုးထောင်ထိန်းသိမ်းရ လက်ဝင်သော အပင်မျိုး မစိုက်ပျိုးနိုင်သည့်တိုင် အကြမ်းပတမ်းခံသောအပင် များလောက်တော့ စိုက်ထားကြမြဲ။ များသောအားဖြင့် ရွက်လှ ပန်းနွယ်ဝင်အပင်များ စိုက်ကြလေ့ရှိသည်။ ရွက်လှမျိုးထဲမှ အများဆုံးစိုက်သည်မှာ ခတ္တာမျိုးဝင် လေးကျွန်းကြာခိုင်ပင် များ ဖြစ်တော့၏။ လေးကျွန်းကြာခိုင်ဆိုသည်က ရုံလိုက် ပေါက်သောအပင်မျိုးဖြစ်သည်။ အနီမျိုးဖြစ်စေ၊ အဖြူမျိုးဖြစ် စေ ပွင့်လာလျှင်အလွန်မွှေး၏။ သည်တော့ အပွင့်ကို ဘုရား ညောင်ရေအိုးထိုးလျှင် ဘုရားဝတ်ပြုရသည်မှာ အလွန်စိတ် ကြည်နူးစရာကောင်းသည်။ သည်ရည်ရွယ်ချက်ဖြင့် စိုက်ထား သော အပင်စိမ်းစိမ်းစိုစိုများ ဆိုခဲ့ပါမြို့နယ်တို့တွင် တွေ့နေ ရဆဲ။
အကြားအလပ်မရှိအောင် ပိသိပ်ညပ်သတ်နေသည်အထိ ဆောက်ထားသော မြို့လယ်တိုက်ခန်းများနေ အခန်းရှင်တို့ ကရော စိမ်းလန်းမှုကိုမနှစ်မြို့ပြီလော။ ဤသို့တော့ မဟုတ် တန်ရာ။ စိန်းလန်းခြင်းနှင့် ငြိမ်းချမ်းခြင်းကို မမွေ့ထုံသူ လူ သားဟူ၍ အဘယ်မှာရှိမည်နည်း။ သည်တော့ သူတို့လည်း ရသည့်နည်းသုံးပြီး စိမ်းလန်းခြင်းဖန်တီးကြသည်သာ။ ခုန မြေလွတ်မြေလပ်မြေပိုရှိသည့် ရပ်ကွက်များလိုတော့မဟုတ်။ နည်းနည်းကုတ်ကုတ်ကပ်ကပ်ဖန်တီးကြရ၏။ သည်နေရာမှာအဓိကနေရာမှပါဝင်လာသည့်ဇာတ်ကောင်က ၀ရန်တာ ရပ်ဝန်း ဖြစ်လာတော့သည်။ ဒါကလည်း သိပ်လွတ်လွတ်လပ်လပ်ရှိလှသည်တော့မဟုတ်။ အနေအထိုင်ကျဉ်းကြုတ်လာ သည့် ယနေ့ခေတ်ကြီးတွင် ၀ရန်တာရပ်ဝန်း၏ အသုံးချ တန်ဖိုးကလည်း မနည်းလှ။ အ၀တ်အစားလှန်းရန်လည်း အသုံးချရသည်၊ ပူသည့်အိုက်သည့်အခါ လေညင်းခံရန် လည်း အသုံးချရသည်၊ လိုအပ်လျှင် တစ်ကိုယ်စာကျောခင်း ၍ရသော အိပ်ရာအဖြစ်လည်း အသုံးချရသည်။ သည်တော့ အပင်များ ၀ရန်တာတွင်နေရာအပြည့်ယူ၍မဖြစ်နိုင်။ ထို့ကြောင့် အိုးငယ်များဖြင့် အာသာပြေစိုက်သော နှင်းဆီပင်၊ စံပယ်ပင်များသာ တွေ့ရသည်။
ကမ္ဘာကြီးက တစ်နေ့တခြားပူနွေးလာနေသည်။ အိုဇုန်းလွှာ ပေါက်ပြဲနေတာတွေ၊ ဖန်လုံအိမ်အာနိသင်သက်ရောက်မှု ရှိနေတာတွေ၊ အယ်လ်နီညိုဖြစ်စဉ်တွေ၊ အပူလှိုင်းဖြတ်သန်း မှု လမ်းကြောင်းတွေက မကြားချင်မသိချင်မှအဆုံး ကြားနေ၊ သိနေရ၏။ ခေတ်ပေါ်အီလက်ထရွန်နစ်ပစ္စည်းများမှ ထုတ် လွှတ်သော အပူရှိန်က အပူဒဏ်သာမက ဓာတုအဆိပ်သင့်မှု ကိုပါ လက်တွဲခေါ်လာသေး၏။ ခေတ်ပေါ်လူ့အသုံးအဆောင် ပစ္စည်းဖြစ်သော ပလတ်စတစ်ထည်အမျိုးမျိုး၏အထိအတွေ့ ကလည်း တင်းတောင့်ပူလောင်ခြင်းဒုက္ခစေတသိက်ကို ဖ၀ါး ခြေထပ် ထက်ကြပ်မကွာ လိုက်ပါလာစေပြန်၏။ ဤသို့ဤ နှယ်သော လူ့ဘုံခန်းဝါတွင် စိမ်းစိုရိပ်အာဝါသသည်သာ သဘာဝတရားနှင့်ပေါင်းကူးပေးနိုင်သည့် အသက်ရှူပေါက် ဖြစ်ပေရာ မြို့ပြလူသားတို့အနေဖြင့် ရသည့်နေရာကိုလုပြီး စိမ်းစိုရိပ်ဖန်တီးခြင်းဖြင့် သဘာဝတရားနှင့်အိုးစားမကွဲရန် ကုပ်တွယ်ဆက်စပ်နေရတော့ပေသည်တကား။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com