နာမည်ကျော်ဗီယက်နမ် developer ဖြစ်သော Truman Holdings Corporation က ဗီယက်နမ်ငွေ ၂ ထရီလီယံ သုံးစွဲကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Thai Binh (ထိုင်းဘန်ဟု အသံထွက်) ပြည်နယ်တွင် မြို့သစ်ကြီးတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်ဟု ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ထိုင်းဘန်ပြည်နယ်သည် ဟနွိုင်းမှ ၁၁၀ ကီလိုမီတာ (၆၈ ဒသမ ၃ မိုင်) ခန့် ကွာဝေးသည်။
အဆိုပါမြို့သစ်တွင် နေအိမ်ပေါင်း ၁၀၀၀ ၊ တန်ဖိုးကြီး ဇိမ်ခံနေအိမ်ပေါင်း ၅၃ လုံး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာစင်တာတစ်ခု၊ ရေကူးကန်တစ်ခု၊ အားကစားစင်တာတစ်ခု၊ ကလေးကစားကွင်းတစ်ခု၊ မူကြိုကျောင်းတစ်ကျောင်းနှင့် ပန်းခြံတစ်ခုတို့ ပါဝင်မည် ဖြစ်သည်။
မြေအကျယ်အ၀န်း ၂၆ ဟက်တာ (၆၄ ဒသမ ၂ ဧက) ပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အအုံသိပ်သည်းဆမှာ ၄၀ ရာခိုင်နှုန်း ဖြစ်သည်။
Truman Holdings Corporation သည် အဆိုပါစီမံကိန်းအပြင် ဟိုချီမင်းမြို့တော်၊ ဒါနန်မြို့နှင့် ဘင်သူအန်ခရိုင်တို့တွင်လည်း အိမ်ရာစီမံကိန်း ၃ ခု ဆောက်လုပ်မည်ဖြစ်ရာ စုစုပေါင်းတန်ဖိုးအားဖြင့် ဗီယက်နမ်ငွေ ၄ ထရီလီယံ (အမေရိကန်တစ်ဒေါ်လာလျှင် ဗီယက်နမ်ငွေ ၂၂၃၀၆ ) ခန့် ဖြစ်သည်။
အဆိုပါစီမံကိန်းတို့ကို စတင်ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားသည်။
ယခုမြို့သစ်စီမံကိန်းမှာ အရေးပါသည့် လမ်းမကြီးများဖြစ်သော ထိုင်းဘန်၊ လီကွေဒွန်နှင့် ဟောင်ဘန်ထိုင်းလမ်းမကြီးများနှင့် ထိစပ်လျက်ရှိသည်။
ဆောက်လုပ်သည့် contractor မှာ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု ကော်ပိုရေးရှင်းဖြစ်ပြီး ငွေထုတ်ချေးသည့် ဘဏ်များမှာ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်၊ အိုးအိမ်ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)