တရုတ်နိုင်ငံတွင် သက်တမ်းအရင့်ဆုံးအစိုးရဘဏ်ဖြစ်သည့် Bank of China Limited က သြစတေးလျတွင် ရုံးခွဲဖွင့်ရန်အတွက် ဆစ်ဒနီရှိ အဆောက်အအုံတစ်လုံးကို သြစတေးလျဒေါ်လာ သန်း ၁၃၀ (ကန်ဒေါ်လာ သန်း ၁၀၀) ဖြင့်ဝယ်ယူလိုက်ကြောင်း တရုတ်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Bank of China ၀ယ်ယူလိုက်သည့်အဆောက်အအုံမှ Deutsche Bank ၏ အိမ်ခြံမြေလုပ်ငန်းဌာနခွဲဖြစ်သော RREEF Real Estate ဌာနပိုင်ဖြစ်ပြီး ဆပ်ဆက်လမ်း၊ အမှတ် ၁၄၀ တွင် တည်ရှိသည်။
Bank of China က သြစတေးလျတွင် အိမ်ခြံမြေချေးငွေထုတ်ပေးသည့်လုပ်ငန်းအား နှစ်ဆမြှင့်တင်ရန် ကတိပေးခဲ့ပြီးနောက် ၂ နှစ်အကြာ၌ ယခုအဆောက်အအုံကို ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။
Bank of China သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီတွင် ရုံးအဆောက်အအုံတစ်ခု ရှိပြီးဖြစ်သော်လည်း လုပ်ငန်းများချဲ့ထွင်လာမှုကြောင့် ပိုမိုကြီးမားသည့်အဆောက်အအုံတစ်ခု ရှာဖွေဝယ်ယူရခြင်းလည်း ဖြစ်သည်။
ယခုဝယ်ယူလိုက်သည့် အဆောက်အအုံသည် ၁၄ ထပ်မြင့်မားပြီး ရုံးခန်းများနှင့် လက်လီဆိုင်ခန်းများအပါအ၀င် စုစုပေါင်း အကျယ်အ၀န်း ကြမ်းခင်းဧရိယာ ၁၂၄၄၀ စတုရန်းမီတာ (၁၃၃၉၀၃ စတုရန်းပေ) ကျယ်ဝန်းသည်။
Bank of China ၏ သြစတေးလျရှိ ယခုဘဏ်ခွဲအဆောက်အအုံမှာ ၀ယ်ယူလိုက်သည့် အဆောက်အအုံမှ လမ်းလျှောက်လျှင် ၅ မိနစ်သာ ကွာဝေးသော ယောက်ခ်လမ်း၊ အမှတ် ၆၀ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)