အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့် ကလေးဘ၀က နေထိုင်ခဲ့သည့်နေအိမ်တစ်လုံးကို လေလံတင်ရောင်းချတော့မည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်ရှိရာမှာ နယူးယောက်မြို့၊ ကွင်းခရိုင်၊ ဂျမေကာအိမ်ရာတွင် တည်ရှိပြီး အုတ်၊ ကော်နစ်ပလာစတာ ရောယှက်ဆောက်လုပ်ထားသော နေအိမ်ဖြစ်သည်။]
အဆိုပါနေအိမ်ကိုပြီးခဲ့သောဇူလိုင်လအတွင်းကန်ဒေါ်လာ၁ဒသမ၆၅သန်းဖြင့်အရောင်းဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ချေ။
ယင်းနောက်ပိုင်းတစ်လခန့်အကြာတွင် ကန်ဒေါ်လာ ၁၀၀၀၀၀ ခန့် လျှော့ချကာ ရောင်းထုတ်ခဲ့သော်လည်း ရောင်းမထွက်သဖြင့် ထပ်မံ၍ ဒေါ်လာ ၁၅၁၀၀၀ ဈေးလျှော့ပေးခဲ့ပြန်သည်။
ယင်းနေအိမ်သည် ဒေါ်နယ်ထရမ့်၏ ဖွားမြင်ကြောင်းလက်မှတ်ရယူခဲ့သည့် လိပ်စာပါနေအိမ်ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၉ ရက်၊ ည ၆ နာရီအချိန်တွင် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ရုစဗဲ့ဟိုတယ်တွင် လေလံတင်ရောင်းချမည်ဖြစ်ကာ ကြမ်းခင်းဈေး ကန်ဒေါ်လာ ၈၄၉၀၀၀ ဖြင့် ဈေးဖွင့်ရောင်းချဖွယ်ရာရှိသည်။
လေလံ ကုမ္ပဏီမှာ Paramount Realty USA ဖြစ်သည်။
အကယ်၍ ၀ယ်လက်တစ်ဦးအနေဖြင့် ပိုင်ရှင်များ လက်ခံနိုင်သည့်ဈေးနှုန်းပေးကာ ၀ယ်ယူမည်ဆိုပါက လေလံပွဲမတိုင်မီ အရောင်းအ၀ယ်ပြုလုပ်နိုင်ကြောင်းလည်း Paramount Realty USA မှ ဥက္ကဌ မီရှာ ဟာဂါနီက ပြောကြားသည်။
ယင်းနေအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး လက်ရှိပိုင်ရှင်မှာ အိုင်ဆက်နှင့် ကလော်ဒီယာ ကီစတန်ဘာ့ဂ်ျတို့ဖြစ်ကြသည်။
၎င်းတို့က ယခုနေအိမ်ကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇၈၂၅၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေအိမ်ကို ၁၉၄၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ညစာစားခန်းနှင့်တွဲလျက်မီးဖိုဆောင်၊ အပြီးသတ်ဆောက်လုပ်ပြီးဖြစ်သော မြေတိုက်ခန်း၊ ဟင်းလင်းပြင်မီးဖိုဆောင်၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်နှင့် ကား ၅ စင်း မောင်းနှင်နိုင်သော မော်တော်ကားလမ်းတို့ ပါဝင်သည်။
ဒေါ်နယ်ထရမ့်ကို ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ဖွားမြင်သည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတရွေးကောက်ပွဲသို့ အခြေအတင်ဖြစ်ဖွယ်ရာ အဆိုပြုချက် ၂ ခုဖြင့် ၀င်ရောက်လာခဲ့သည်။
၎င်း၏ ပထမအဆိုမှာအမေရိကန်-မက္ကဆီကိုနယ်စပ်တွင် တံတိုင်းခတ်ရန်နှင့် အမေရိကန်ပြည်တွင်းသို့ တရားမ၀င်ရောက်ရှိနေသူ ၁၁ သန်းကိုနေရပ်ပြန်ပို့ရန် အဆိုများ ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် အိမ်ထောင် ၃ ဆက်ရှိခဲ့ပြီးပထမဆုံးဇနီး မှာချက်မော်ဒယ် အိုင်ဗန်နာဇဲနစ်ကိုဗာဖြစ်သည်။
၁၉၇၇ ၊ ဧပြီ ၇ ရက်တွင် လက်ထပ်ခဲ့ကြပြီးသားသမီး ၃ ဦးထွန်းကားသည်။ ၁၉၉၀ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် မာလာမေပယ်လ်နှင့် ဒေါ်နယ်ထရမ့်တို့၏ အချစ်ရေးသတင်းများမှာသတင်းမီဒီယာများတွင် ပျံ့ နှံ့လာပြီးနောက်ပိုင်းအိုင်ဗန်နာနှင့် ကွာရှင်းပြတ်စဲခဲ့သည်။
၁၉၉၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် မာလာမေပယ်လ်နှင့် ဒေါ်နယ်ထရမ့်တို့၏ သမီးဦးတစ်ဖ်နီဖွားမြင်သည်။
သမီးငယ်မွေးဖွားအပြီး ၂ လအကြာ ၁၉၉၃ ၊ ဒီဇင်ဘာ ၂၀ တွင် လက်ထပ်ခဲ့ကြသည်။
၁၉၉၇ ၊ မေလတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။
၁၉၉၈ ခုနှစ်တွင် ဆလိုဗေးနီးယားသူ၊ ဖက်ရှင်မော်ဒယ် မီလာနီယာကနော့စ်နှင့် ချစ်ကျွမ်းဝင်ခဲ့ကာ ၂၀၀၄ ဧပြီတွင် စေ့စပ်ခဲ့ပြီး ၂၀၀၅ ဇန်န၀ါရီ ၂၂ တွင် လက်ထပ်ခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)