၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သော The Revenant ဇာတ်ကားတွင် Hugh Glass အဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုဇာတ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သူ ဟောလိဝုဒ်သရုပ်ဆောင်လီယိုနာဒိုဒီကာပရီယို၏ နေအိမ်ကြီးတစ်လုံးကိုကန်ဒေါ်လာ၁၀ဒသမ၉၅သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းနယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့် နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်တွင် တည်ရှိသည်။
နေအိမ်တွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း ပါဝင်ပြီး ကယ်လီဖိုးနီးယား၏ ကမ်းခြေအလှကို ကျယ်ပြောစွာ တွေ့မြင်ရသည့် မြင်ကွင်းမျိုးရှိသည်။
လီယိုနာဒိုသည် အဆိုပါနေအိမ်ကို ၁၉၉၈ ခုနှစ်က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၀ယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းသာ ပေးခဲ့ရသည်။
ထို့ကြောင့် ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက ကန်ဒေါ်လာ ၉ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။
လီယိုနာဒိုဒီကာပရီယိုသည်နာမည်ကျော်သရုပ်ဆောင်၊ မော်ဒယ်မိန်းကလေးများစွာနှင့် အချစ်ရေးဆက်နွှယ်မှုများရှိခဲ့သည်။
မိန်းကလေးများနှင့် စပ်လျဉ်း၍ အထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၀၅ ခုနှစ်တွင် ဟောလိဝုဒ်ရှိပါတီပွဲတစ်ခု၌ မော်ဒယ် အေရီသာ ၀ီလ်ဆင်က ပုလင်းကွဲတစ်ခုဖြင့် ရိုက်ခဲ့သောကြောင့် လီယိုနာဒိုမှာ မျက်နှာတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
အဆိုပါအမှုကိုစစ်ဆေးရာ မော်ဒယ်မိန်းကလေး ပြစ်မှုကျူးလွန်သည်မှာထင်ရှားကြောင်းစစ်ဆေးတွေ့ရှိသဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။
မိန်းကလေးများစွာနှင့် အချစ်ရေးဇာတ်လမ်းများရှိခဲ့သူ လီယိုနာဒိုသည် ယခုအခါတွင် စူပါမော်ဒယ် နီနာ အက်ဂ်ဒယ်နှင့် ချစ်ကြိုက်လျက်ရှိပြီး ပြီးခဲ့သော ဇူလိုင်လကတည်းက ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုရောင်းချမည့် နေအိမ်မှာ စတုရန်းပေ ၁၇၆၅ ပေ ကျယ်ဝန်းပြီး ၁၉၅၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းကမူ အပန်းဖြေရာသီပြင်ပတွင် တစ်လလျှင် ကန်ဒေါ်လာ ၂၃၀၀၀ ၊ အပန်းဖြေနွေရာသီကာလတွင် တစ်လလျှင် ကန်ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းမည်ဟု အငှားဈေးကွက်တင်ခဲ့ဖူးသည်။
နေအိမ်တွင်းရှိအခန်းတိုင်းမှပင်လယ်ရှုမျှော်ခင်းကို ကောင်းစွာမြင်နိုင်ရန် ဆောက်လုပ်ထားသည်ဟု ဆိုသည်။
လီယိုနာဒိုသည် ၂၀၁၃ ခုနှစ်ကလည်း မာလီဘူးတွင်ပင်ရှိသော ကမ်းခြေနေအိမ်တစ်လုံးကို ကန်ဒေါ်လာ၁၇ဒသမ၃၅သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသေးသည်။
လီယိုနာဒိုဒီကာပရီယို၏ ဘ၀ဖြစ်စဉ်အကျဉ်းကို iMyanmarHouse.com တွင် ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၁) တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/486479 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)