အစိုးရသစ်လက်ထက်မှာ ပြောင်းလဲလာမယ့် အခွန်နှုန်းထားစံနှုန်းတွေနဲ့ မြေကွက်ဈေးတွေကို စောင့်ကြည့်နေကြတာကြောင့် ဈေးကွက်ထဲမှာ အရောင်းအ၀ယ်မလှုပ်ခတ်သေးတာဖြစ်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
ဈေးကွက်ထဲမှာ မြေဈေးနှုန်းတွေက မြေကွက်ရဲ့ ပကတိဈေးနှုန်းမဟုတ်ပဲ ဈေးမြှင့်ရောင်းနေကြတာပါ။အရောင်းအ၀ယ်ဖြစ်ချင်တဲ့ သူက ကာလပေါက်ဈေးထက် လျှော့ရောင်းရင်း ဈေးကျလာတဲ့ အခြေအနေတစ်ခုလို ဖြစ်လာနေပါတယ်။လက်ရှိလျှော့ ဈေးတန်းနဲ့ ၀ယ်ပြီး ၀ယ်ဈေးထက်လျှော့ရောင်းချမှ ရောင်းထွက်မယ့် ဈေးကွက်မျိုးဖြစ်လာမှာကို စိုးရိမ်နေကြတာကြောင့် ၀ယ်သူတွေက မ၀ယ်ရဲသေးပဲ အခြေအနေကိုစောင့်ကြည့်နေကြပါတယ်။
ဆိပ်ကမ်းလမ်းရှိ အကျိုးဆောင်ဦးအောင်ကျော်က အစိုးရသစ်က မြေဈေးကြီးနေတာတွေကို ထိန်းချုပ်နေတော့ အရင်ကလိုဝယ်ရောင်းသမားတွေ ၊ဈေးကစားသူတွေက မ၀ံ့မရဲ ဖြစ်နေကြတာ လက်ရှိမှာသာ ဈေးကွက်ပျက်နေတယ်လို့ ပြောလို့ရပေမယ့် အိမ်ခြံမြေဈေးကွက်က ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ ပုံသေပိုင်ဆိုင်မှုဆိုတော့ အစဉ်အဆက် ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်လာခဲ့ကြတာလို့ ပြောပါတယ်။
အခွန်နှုန်းထားစောင့်ကြည့်နေကြတာ ကလည်း ဈေးကွက်ထဲမှာ အခွန်နှုန်းထားတွေမြင့်မလား၊စံနှုန်းတွေမြင့်မလား ဆိုပြီး အမျိုးမျိုးခန့်မှန်း ပြောဆို နေကြတာကြောင့်လို့ သိရပါတယ်။
ဒဂုံသီးသန့် အကျိုးဆောင်မကေသီက အခွန်ကိစ္စက အမျိုးမျိုးကို ပြောနေကြတာပဲ အခွန်ကြောင့်ဈေးကွက်ကလည်း အေးနေတာလို့ ပြောလို့ရတယ်၊နေဖို့ဝယ်တဲ့သူ တွေတောင် အခွန်ကိုစောင့်ကြည့်နေကြတဲ့ ကာလဖြစ်နေတယ်၊အစိုးရအသစ်က အခွန်နှုန်းထားတွေ အသစ်ပြောင်းမယ်ပြောနေတော့ စောင့်ကြည့်နေတာလို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်က ပြန်ကောင်းလာနိုင်တယ်၊ပြန်လည်ပက်လာနိုင်တယ်လို့် ပြောကြပေမဲ့ ဈေးနှုန်းတွေကတော့ အရင်ဈေးကွက်ကောင်းတုန်းကလို ပြန်ကောင်းလာနိုင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ အကျိုးဆောင်တစ်ချို့ကပြောပါတယ်။
လက်ရှိဈေးကွက်က ၀ယ်သူတွေအတွက် အားသာတဲ့ ဈေးကွက်ဆိုပေမယ့် အ၀ယ်မရှိတာကြောင့် ဈေးနှုန်းအပြောင်းအလဲတွေများနေပြီး ရင်းနှီးမြုပ်နှံထားဖို့ မ၀ံ့မရဲဖြစ်နေကြတာလို့ သိရပါတယ်။
Credit: Kumudra Journal