ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈၀၀၀ကို ရန်ကုန်တိုင်းဒေသကြီးမှာ နှစ်နှစ်အတွင်း အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ သိရပါတယ်။
နေအိမ်လိုအပ်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေ၊ အိမ်ရာပိုင်ဆိုင်မှု မရှိသေးသူတွေနဲ့ အလုပ်အကိုင်ရှိပြီး အိမ်ထောင်သစ်ထူထောင်သူတွေ စတာတွေကို ခွဲတမ်းနဲ့ ရောင်းချပေးမှာ ဖြစ်တယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ထက် လျှောက်ထားသူများရင် မဲနှိုက်ပြီး ရောင်းချပေးမှာ ဖြစ်တယ်။အိမ်ရာတွေအတွက် ရည်ရွယ်ထားတဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဘဏ်စာရင်းတစ်ခုဖွင့်ပြီး ငွေစုတဲ့စနစ်နဲ့ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ IBC မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲက သိရပါတယ်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတတ်ရေးဌာန ညွှန်ကြားရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာဌာန ဒုတိယညွှန်ကြားမှူး ဦးတိုးအောင်က ‘အိမ်ရာကဏ္ဍက မြေရှိရင် လုပ်နိုင်တယ်၊ ရှိနေတဲ့ မြေတွေမှာ လုပ်သင့်မလုပ်သင့် စဉ်းစားနေရတယ်၊ အစိုးရက လုပ်ဆောင်ပေးထားတဲ့ တန်ဖိုးမျှတတွေမှာ မဝယ်နိုင်လို့ ပြန်ရောင်းနေတာတွေ ရှိနေတော့ တန်ဖိုးနည်းတဲ့ အငှားအိမ်ရာသွားမလားဆိုတာ ရှိတယ်၊ လစာတစ်သိန်းခွဲနဲ့ ငါးသိန်းကြားက ၄၅ ရာခိုင်နှုန်းပဲ ရှိတယ်၊ အိမ်ရာကို အရစ်ကျဝယ်နိုင်တဲ့ အနေအထားမရှိသေးဘူး၊ ဝင်ငွေနည်းပြည်သူတွေအတွက် သွားဖို့လိုပြီ’ လို့ ပြောပါတယ်။
မြေရှိရင် လုပ်လို့ရပေမဲ့ တချို့မြေတွေကလည်း မြေလွတ်တွေကို အများပြည်သူတွေအတွက် ပေးဖို့တွေပဲ ရတယ်၊ ပြန်လွှဲအပ်ရတဲ့ မြေတွေလည်း ရှိတယ်လို့ သိရပါတယ်။၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့မှာ အိမ်ရာစုစုပေါင်းရဲ့ ၇၅ရာခိုင်နှုန်းက အခိုင်အမာဖြစ်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက ခိုင်ခံ့မှုမရှိတဲ့ တဲအိမ်တွေဖြစ် ပါတယ်။၆၅ရာခိုင်နှုန်းခန့်က အိမ်ပိုင်တွေဖြစ်ပြီး ၃၅ရာခိုင်နှုန်းဝန်းကျင်က အိမ်ငှားတွေဖြစ်တယ်လို့ သိရပါ တယ်။
Credit: Kumudra