ဒူဘိုင်းတွင် ဆောက်လုပ်မည့် ပျော်ရွှင်ခြင်းမြို့တော်သစ်ကြီးရှိ လူနေခန်းများကို အနိမ့်ဆုံးဈေး ဒူဘိုင်းငွေ ၂၈၀၀၀၀ (မြန်မာငွေ ၉၃၂ သိန်းကျော်-စက်တင်ဘာ ၁၉ ရက် ငွေလဲနှုန်းအရ) ဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပျော်ရွှင်ခြင်းမြို့တော်ကြီးဆောက်လုပ်မည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/515608 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ပျော်ရွှင်ခြင်းမြို့တော်တွင် The Pulse နှင့် The Villages ဟူသောလူနေရပ်ကွက်နှစ်ခု ပါဝင်မည်ဖြစ်သည်။
ပျော်ရွှင်ခြင်းမြို့တော်၏ အမည်မှာ Dubai South ဖြစ်ပြီး လူနေခန်းများကို ယခုစက်တင်ဘာလကုန်တွင် စတင်ရောင်းချပေးမည်ဖြစ်သည်ဟု ဆိုသည်။
ယခုအခါတွင် The Pulse မှ လူနေခန်းများကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
အဆိုပါမြို့သစ်တွင် လက်လီအရောင်းဆိုင်များ၊ အားကစားစင်တာများ၊ စာသင်ကျောင်းများ၊ ဗလီ၊ ကုန်တိုက်နှင့် ဟိုတယ်များ ပါဝင်မည် ဖြစ်သည်။
ပထမဆင့်ဆောက်လုပ်မှုများမှာ ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
ရောင်းချပေးမည့်လူနေခန်းများမှာ အိပ်ခန်း ၂ ခန်းနှင့် အိပ်ခန်း ၃ ခန်းပါ အခန်းများ ဖြစ်ကြသည်။
Dubai South သည် ဒူဘိုင်းမြို့တောင်ဘက်ရှိ စတုရန်းကီလိုမီတာ ၁၄၅ ခန့် အကျယ်အ၀န်းရှိသော မြေနေရာပေါ်တွင် ဆောက်လုပ်လျက်ရှိခြင်းဖြစ်ပြီး ဒူဘိုင်း Expo 2020 ကျင်းပမည့်နေရာကိုလည်း အဆိုပါနေရာတွင်ပင် ဆောက်လုပ်မည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)