အစိုးရပိုင် လခပေးအိမ်ရာတွေရဲ့ ငှားရမ်းခတွေကို ယခုကာလပေါက်ဈေးနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ် ။
လက်ရှိအစိုးရက ကောက်ခံနေတဲ့ နှုန်းထားတွေကတော့ ဝန်ထမ်းလစာရဲ့ ငါးရာခိုင်နှုန်းနဲ့ သုံးရာခိုင်နှုန်းလောက်ကိုသာ ငှားရမ်းခအဖြစ် ကောက်ခံနေတာ ဖြစ်ပါတယ် ။
‘အိမ်ရာ အခန်းခတွေက လက်ရှိပြင်ဆင်စရိတ်ထက်တောင် နည်းနေတယ် ၊ ငှားထားတဲ့ အခန်းတွေက ပြန်ပြင်ဆင်ပြီး ကောက်တဲ့နှုန်းကို နေထိုင်သူတွေနဲ့ ညှိနှိုင်းပြီး လုပ်ထာပေမဲ့ အများဆုံးမှ ကျပ်သောင်းဂဏန်းဆိုတော့ အစိုးရဘက်က ပြန်စိုက်နေရတာတွေရှိတယ်’ လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
အစိုးရက ငှားထားတဲ့ ပြည်သူပိုင်အိမ်ရာပေါင်း ၁၁ ခုရှိပြီး အခန်းပေါင်း ၁၆,၀၀၀ ကို ငှားရမ်းထားတာ ဖြစ်ပါတယ် ။ စတင်ငှားရမ်းချိန်က အစိုးရဝန်ထမ်းတွေကို အဓိက ငှားထားတာဖြစ်ပြီး အခန်းနေထိုင်ခွင့်ရသူတွေအတွက် နေထိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ် ။
လက်ရှိမှာတော့ သည်အငှားအိမ်ရာတွေမှာ နေထိုင်သူအများစုကတော့ တစ်ဆင့်ဝယ်ယူထားတဲ့သူတွေ ဖြစ်သလို အိမ်ငှားစနစ်နဲ့ နေထိုင်သူတွေလည်း ရှိပါတယ် ။ အစိုးရဘက်က အခုလို အိမ်ငှားခတွေပြောင်းလဲ ကောက်ခံတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တာတွေ ရှိနိုင်သလို အရင်အိမ်ရာအဟောင်းတွေမှာ နေထိုင်တဲ့သူတွေဘက်က အခန်းခ ပုံမှန်မပေးချေတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ် ။
Credit: Kumudra Journal