ရွှေကို လက်ဝယ်ရောင်းစနစ်မဟုတ်ဘဲ တိကျသေချာတဲ့ ဈေးကွက်တစ်ခုနဲ့ ရောင်းဝယ်နိုင်ဖို့ ရွှေဗဟိုဈေးကွက် ဖော်ဆောင်နေတာ ၅၀ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းက သိရပါတယ်။
ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာရင်(online trading market)အွန်လိုင်းကနေ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်နိုင်ရောင်းနိုင်မှာဖြစ်ပါတယ်။ပြည်တွင်းရွှေဝယ်ရောင်းလုပ်ငန်းတွေက ယုံကြည်မှုနဲ့ ငွေကြေးတွေ အပ်နှံပြီး ပြုလုပ်နေတာကြောင့် လိမ်လည်မှုတွေ နစ်နာမှုတွေ ရှိနေတာဖြစ်ပါတယ်။
တိကျသေချာတဲ့ ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာရင် ရွှေ
ဈေးမတည်ငြိမ်တာနဲ့ လိမ်လည်မှုတွေ နည်းသွားမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ရွှေဗဟိုဈေးကွက် ပေါ်ပေါက်ဖို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ ဗဟိုဘဏ်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့နဲ့ မူဝါဒရေးရာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းက အထွေထွေအတွင်းရေးမှူး ဦးကျော်ဝင်းက ‘မူဝါဒပိုင်းက သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိပြီးဆွဲနေတာပေါ့၊ အဓိကတော့ သယံဇာတ ဆုံးရှုံးမှုမရှိအောင် ရေးရတာပေါ့၊ ရွှေကို ထုတ်လို့ရပြီ သုံးလို့ရပြီဆိုရင် သယံဇာတ ထိန်းလို့မရတော့ဘူး၊ ထိန်းလို့ရနိုင်တဲ့ မူဝါဒတစ်ခုတော့ လိုတာပေါ့’ လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွှေဗဟိုဈေးကွက်ဖော်ဆောင်ဖို့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာပါ။မူဝါဒအပိုင်း အဆင်မပြေသေးတာနဲ့ ဥပဒေအတိုင်း ပြင်ဆင်ဖို့နဲ့ အခွန်စနစ်ပြင်ဆင်ဖို့ စတာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ခရီးကတော့ ၅၀ရာခိုင်နှုန်း ပြီးသွားပြီး ကျန်တဲ့ ၅၀ရာခိုင်နှုန်းကတော့ ဆက်ပြီးညှိနှိုင်းဖို့ လိုတယ်လို့ ဦးကျော်ဝင်းက ဆိုတယ်။
ရွှေဗဟိုဈေးကွက်ကို နိုင်ငံတကာ ဈေးကွက်ပုံစံဆောင်ရွက်မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူတဲ့ ရှန်ဟိုင်းဂိုးလ်အိတ်ချိန်း မားကတ်ပုံစံဆောင်ရွက်မှာ ဖြစ်ပါတယ်။သည်လ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ရှန်ဟိုင်းဂိုးလ်ကို သွားရောက်လေ့လာမှာဖြစ်ပြီး ရှန်ဟိုင်းဂိုးလ်အိတ်ချိန်းဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
Credit:Kumudra