ရုရှားဘဏ်သူဌေးကြီးတစ်ဦးသည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် ယခုနှစ်မေလအတွင်း ကွန်ဒိုအဆောက်အအုံတစ်ခု ၀ယ်ယူပြီး ၄ လအတွင်း အရောင်းဈေးကွက်တင်လာရာ ခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုက ဒေါ်လာ ၂ သန်းမြတ်စွန်းမည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကွန်ဒိုမီနီယံမှာ ၄ ထပ်အဆောက်အအုံဖြစ်ပြီး လေးဆောင်တွဲအဆောက်အအုံဖြစ်ကာ တည်နေရာမှာ အရှေ့ ၇၄ လမ်း၊ အမှတ် ၃၃ တွင် တည်ရှိသည်။
နယူးယောက်တွင် အဆိုပါအဆောက်အအုံကို Atterbury Mansion ဟု လူသိများပြီး ယင်းနေအိမ်၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုလည်း လွှင့်တင်ထားရာ http://33east74.com/atterbury လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၄ သန်းဖြစ်ပြီး ကြမ်းခင်းဧရိယာ ၁၀၀၈၈ စတုရန်းပေရှိသည်။
အိပ်ခန်း ၅ ခန်းပါဝင်ပြီး အိပ်ခန်းတိုင်းတွင် ရေချိုးခန်းပါဝင်သည်။
မျက်နှာကျက်မှာ ၁၂ ပေမြင့်မားပြီး ဓာတ်လှေကားတစ်ခုပါဝင်ကာ ၁၉၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားသူဌေးကြီး ကုမီချက်ဗ်သည် အဆိုပါကွန်ဒိုအဆောက်အအုံကို ၂၀၁၆ ခုနှစ်၊ မေလအတွင်းက ကန်ဒေါ်လာ ၄၂ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ကုမီချက်ဗ်သည် တပြိုင်တည်းဆိုသလိုပင် ကပ်လျက်အဆောက်အအုံကို ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖြင့် ၀ယ်ယူခဲ့သေးသည်ဟု ဆိုသည်။
အဆိုပါအဆောက်အအုံမှာမူ အိပ်ခန်း ၃ ခန်းပါဝင်ပြီး စတုရန်းပေ ၃၈၀၀ ခန့် ကျယ်ဝန်းသည်ဟု ဆိုသည်။
မစ္စတာကုမီချက်ဗ်သည် ရုရှားအယ်လ်ဖာဘဏ်ပိုင်ရှင်ဖြစ်ပြီး ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံခန့် ကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)