-ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာရှိ မဟာဗလီ Grand Mosque ကြီးကို ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိသုံးစွဲကာ တိုးချဲ့မှုများပြုလုပ်သွားမည်ဖြစ်ပြီး ၃ နှစ်အတွင်း အပြီးသတ်မွမ်းမံသွားမည်ဟု မက္ကာမြို့တော်ဝန်က ပြောကြားသည်။
-ဘာရိန်းနိုင်ငံတွင် နေအိမ်ဝယ်ရရှိရန် လျှောက်လွှာတင်ထားသူများအနက် ၀ယ်ယူခွင့်ရရှိသူများအား လာမည့် စက်တင်ဘာ ၂၅ ရက်တွင် နေအိမ်ပေါင်း ၃၂၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ဘာရိန်းအိုးအိမ်ဝန်ကြီး ဘာဆင်အယ်လ်ဟာမာက ပြောကြားသည်။
-ဒူဘိုင်းလက္ကားအရောင်းမြို့တော်အတွင်းတည်ရှိသော စက်မှုဇုန်ရှိ ဂိုဒေါင်ပေါင်း ၇၀ ခန့်အား အငှားချထားမည်ဖြစ်ပြီး ဂိုဒေါင်အကျယ်အ၀န်းမှာ ၄၆၄ စတုရန်းမီတာမှ ၉၂၉ စတုရန်းမီတာအကြားရှိကြောင်း ဒူဘိုင်းစက်မှုဇုန်အကြီးအကဲ ဆက်ဒ်အဘူ အယ်လ်ရှဝါရက်ဘ်က ပြောကြားသည်။
-ထိုင်းနိုင်ငံတွင် အသစ်အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ရန် ပြဌာန်းမှုနှင့်အတူ စီးပွားရေးမှာ အိမ်နီးချင်းအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှုနှေးသွားပြီး အိမ်ခြံမြေဈေးကွက်လည်း ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးက ထုတ်ပြန်သည်။
-ကာတာ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ကာတာအိမ်ခြံမြေဖွံ့ဖြိုးမှုမှာ ရုတ်တရက်အံ့အားသင့်ဖွယ် ရပ်တန့်သွားကြောင်း၊ ယခင် ၂၀၁၅ ခုနှစ်အတွင်းကမူ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အလုံးအရင်းပြင်ဆင်မှုများနှင့်အတူ အိမ်ခြံမြေကဏ္ဍအလွန်တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
-ဂျပန်တွင် စီးပွားရေးတိုးတက်မှုနှေးကွေးလျက်ရှိသော်လည်း အိမ်ခြံမြေကဏ္ဍမှာမူ ဆက်လက်တိုးတက်လျက်ရှိရာ ၀န်ကြီးချုပ်ရှင်ဇိုအာဘေး၏ Abenomics စီးပွားရေးမဟာဗျူဟာကြောင့်ဖြစ်ပြီး အဆိုပါမဟာဗျူဟာထုတ်ပြန်ပြီးကတည်းက ဂျပန်အိမ်ခြံမြေကဏ္ဍ များစွာတိုးတက်ခဲ့ကြောင်း ဂျပန်မြေယာသိပ္ပံက ထုတ်ပြန်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)