ကမ္ဘာကျော် Eagles တေးဂီတအဖွဲ့ကြီးမှ ဘေ့စ်ဂစ်တာသမား ထင်မသီး ဘီ ရှမစ် Timothy B. Schmit ၏ နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရှမစ်၏ နေအိမ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ၀ှိုက်တလေဟိုက်စ်အရပ်တွင် တည်ရှိသည်။
စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၂၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပြတင်းပေါက်များနှင့် တံခါးများမှာ အိန္ဒိယနှင့် မော်ရိုကိုနိုင်ငံတို့မှ တင်သွင်းတပ်ဆင်ထားခြင်းလည်း ဖြစ်သည်။
နေအိမ်ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၃၅၀၀ နီးပါးရှိပြီး အိပ်ခန်း ၄ ခန်း ရေချိုးခန်း ၃ ခန်း ပါဝင်သည်။
မှတ်တမ်းမှတ်ရာများအရ ရှမစ်သည် အဆိုပါနေအိမ်ကို လွန်ခဲ့သော ၇ နှစ်ခန့်က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၀ယ်ယူစဉ်က ကန်ဒေါ်လာ ၁ ဒသမ ၅၀၁ သန်း ပေးခဲ့ရသည်။
ယင်းနေအိမ်ကို ယခုနှစ်မေလကတည်းကပင် ကန်ဒေါ်လာ ၁ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်သည်။
Eagles အဖွဲ့သည် Hotel California သီချင်းဖြင့် ဂီတလောက၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး အဆိုပါသီချင်းမှာ ထူးခြားသော ကော့ဒ်ဖွဲ့စည်းပုံနှင့် သီချင်းစာသားများကြောင့် ကမ္ဘာကျော်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါသီချင်းတွင် ပါဝင်သည့်စာသားများမှာ ခရစ်ယာန်ဘာသာအရ အငြင်းပွားဖွယ်ရာများ ဖြစ်နေသောကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် ပိတ်ပင်ခြင်းခံခဲ့ရသည့် သီချင်းလည်း ဖြစ်သည်။
ရှမစ်သည် Eagles အဖွဲ့ကြီးသို့ ၁၉၇၇ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)