ရန်ကုန် မြို့အပါအဝင် မြို့ကြီးသုံးမြို့တွင် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက် များပြားနေခြင်းကြောင့် ဟိုတယ်အသစ်တည်ဆောက်ခွင့်တားမြစ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ် ဝန်းရှိဒေသများသို့ ဝင်ရောက်လာသည့် ဧည့်သည်အရေအတွက်နှင့် ယင်းဒေသအတွင်းရှိ ဟိုတယ်၊မိုတယ်များ၏အခန်းအရေအတွက် များ အား မျှတမှုရှိစေရန် ဆောင်ရွက်လျက်ရှိရာရန်ကုန်အပါအဝင် မန္တလေး၊ ညောင် ရွှေမြို့ကြီးသုံးမြို့တွင် ဝင်ရောက်လာသည့် ဧည့်သည်အရေအတွက်ထက် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက်များမှာ ပိုမို များပြားနေခြင်း ကြောင့် ဟိုတယ်အသစ်တည်ဆောက်ခွင့်အား ကြီးကြပ်တားမြစ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဦးမြင့် ထွေးက''ရန်ကုန်၊မန္တလေးနဲ့ညောင် ရွှေဒေသတွေမှာ အခန်းငှားရမ်းတဲ့ ဧည့်သည် နဲ့ဒေသတွင်း ဟိုတယ်၊ မိုတယ်တွေရဲ့ အခန်းအရေအတွက် ကထက်ဝက်ကျော်ပိုနေလို့ အခုလိုကြီးကြပ်တားမြစ်ထားတာပါ။ ဟိုတယ်၊ မိုတယ်အသစ်တွေတည် ဆောက်ခွင့်ကို တစ်နိုင်ငံလုံးရပ်ဆိုင်းထားတာရယ် လို့တော့ မဟုတ်ပါဘူး။လိုအပ်ချက်အလိုက်တော့ ခွင့်ပြုတာတွေရှိပါတယ်''ဟု စက်တင်ဘာ ၁၂ ရက်ကပြောသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏နှစ်စဉ်၊ လစဉ်ကောက် ယူခဲ့သောစာရင်းများအရ ရန်ကုန် မြို့ ၏အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ၅၄ရာခိုင်နှုန်းရှိပြီး အခန်းပိုမှုမှာ ၄၆ ရာခိုင်နှုန်းရှိကြောင်း၊မန္တလေးမြို့၏အခန်းငှားရမ်းမှုမှာ ၅၁ရာခိုင်နှုန်းရှိ ပြီးအခန်းပိုမှုမှာ ၄၉ရာခိုင်နှုန်းရှိကာ ညောင်ရွှေမြို့၏အခန်း ငှားရမ်းမှု ရာခိုင်နှုန်းမှာ ၂၈ရာခိုင်နှုန်း၊ တောင် ကြီးမြို့၏အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ ၄၃ ရာခိုင်နှုန်းနှင့် ကလောမြို့၏အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ ၁၈ ရာခိုင်နှုန်းသာရှိကြောင်းသိရသည်။
ဦးမြင့်ထွေးက ''ဟိုတယ်တည် ဆောက်ခွင့်ကြီးကြပ်တားမြစ်တယ်ဆိုတာက ဝင်ရောက်တဲ့ဧည့်သည်နဲ့ အခန်းနဲ့မျှတအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည် နယ်အစိုးရတွေက တကယ်လိုအပ်လို့ ထပ်ဆောက်ရမယ်ဆိုရင် သေချာစိစစ်ထောက်ခံပေးရင်တော့ ဆောက်လုပ်ခွင့်ပေးသွားမှာပါ''ဟု ပြောသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်၊ အခန်းလုံလောက်မှုရှိစေရန် တစ်နိုင်ငံလုံး အတိုင်း အတာအရ ဇူလိုင်လကုန်အထိ ဟိုတယ်အလုံးရေ ၁၃၆၁ လုံး၊ အခန်းပေါင်း ၅၃၃၅၅ ခန်းအတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးထာပြီး ယင်းခွင့်ပြုပေးထားသည့်ဟိုတယ် နှင့်အခန်းများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဟိုတယ်အလုံးရေ ၃၄၂ လုံး၊ အခန်းပေါင်း ၁၆၅၅၃ ခန်း၊ နေပြည် တော်မှဟိုတယ်အလုံးရေ ၆၃လုံး၊ အခန်းပေါင်း ၅၁၁၁ ခန်း၊ မန္တလေး တိုင်းဒေသကြီးမှ ဟိုတယ်အလုံးရေ ၁၇၉လုံး၊ အခန်းပေါင်း ၇၂၆၁ ခန်း၊ ပုဂံ၊ညောင်ဦးတွင် ဟိုတယ်အလုံး ရေ ၈၁ လုံး၊ အခန်းပေါင်း ၂၇၆၁ ခန်း၊ တောင်ကြီးနှင့်အင်းလေးမှ ဟိုတယ် အလုံးရေ၁၂ဝ၊ အခန်းပေါင်း ၃၆ဝဝ ခန်းတို့ပါဝင်ကြောင်း သိရသည်။
Credit: Yangon Media Group