ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်၊ ချက်တိုမက်ခ်ခရိုင်၊ တုန်လေဘာဆက်အရပ်တွင် အရှေ့တောင်အာရှ၌ အမြင့်မားဆုံးဖြစ်လာမည့် အဆောက်အအုံကြီးကိုယခု ၂၀၁၆ ခုနှစ်အတွင်းစတင်တည်ဆောက်သွားရန် ပြင်ဆင်လျက်ရှိကြောင်းကမ္ဘောဒီးယားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းအဆောက်အအုံကြီးကိုကမ္ဘောဒီးယားအခြေစိုက် developer ထိုင်းဘွန်ရောင်းကုမ္ပဏီနှင့် တရုတ် contractorကီယာနစ်အုပ်စုတို့မှ ပူးပေါင်းတည်ဆောက်မည် ဖြစ်သည်။Twin Trade Centerဟုအမည်ပေးထားသောအဆိုပါအဆောက်အအုံကြီးမှာဟိုတယ်၊ ဈေးဝယ်စင်တာနှင့် လူနေဘက်စုံသုံးဖြစ်ပြီး ၁၃၃ ထပ်အမြင့်ရှိမည် ဖြစ်သည်။
မြေအကျယ်အ၀န်း ၅ ဟက်တာပေါ်တွင် တည်ဆောက်မည့် အဆိုပါအဆောက်အအုံ၏ လူနေခန်းတန်ဖိုးမှာကန်ဒေါ်လာ ၉×××× ခန့်မှ စတင်မည်ဖြစ်ပြီးအဆောက်အအုံတစ်ခုလုံး၏ တန်ကြေးမှာကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့်ရှိမည်ဖြစ်သည်ဟုခန့်မှန်းထားသည်။
“လက်ရှိအားဖြင့် မြေစမ်းသပ်တဲ့အဆင့် ၃ ဆင့်လုံး ပြီးသွားပါပြီ။ ဒီဒေသမှာရှိတဲ့ မြေမှာအထပ် ၂၀၀ အထက် အဆောက်အအုံတွေ ဆောက်လုပ်နိုင်တယ်ဆိုတာတွေ့ရပါတယ်” ဟုကမ္ဘောဒီးယားဗိသုကာပညာရှင်များဘုတ်အဖွဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး တိုအပ်စ် ဆာဖိုအမ်ကပြောကြားသည်။
ယင်းစီမံကိန်းကိုစီမံကွပ်ကဲရန်အတွက် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီရှင်းချောင်ကိုငှားရမ်းထားသည်ဟုဆိုသည်။
အဆိုပါအဆောက်အအုံတွင် ရုံးခန်းများ၊ ဈေးဝယ်စင်တာတစ်ခု၊ လူနေခန်းများ၊ ဇိမ်ခံဟိုတယ်နှစ်ခုနှင့် စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီးကမ္ဘောဒီးယားအစိုးရ၏ ပံ့ပိုးမှုအပြည့်အ၀ရရှိထားသည်ဟု ဆိုသည်။
မီတာ ၅၀၀ (၁၆၄၀ ပေ) မြင့်မားမည့် အဆိုပါအဆောက်အအုံ ကို၂၀၁၉ ခုနှစ် (သို့မဟုတ်) ၂၀၂၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် မျှော်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)