ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်လမ်းများဖြစ်သောGoldenEye (၁၉၉၅) နှင့် Casino Royale (၂၀၀၆)တို့ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာကြီးမာတင်ကမ့်ဘဲလ်၏ နေအိမ်ကြီးကိုကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းနယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မာတင်ကမ့်ဘဲလ်သည် နယူးဇီလန်ဖွားဖြစ်ပြီးဇာတ်ကားများစွာ ရိုက်ကူးခဲ့သည့်အနက် ဂျိမ်းစ်ဘွန်းဇာတ်ကားများအပြင် အခြားအောင်မြင်သောဇာတ်ကားများမှာGreen Lantern ၊ The Mask of Zorro (၁၉၉၈) နှင့် The Legend of Zorro (၂၀၀၅)ဇာတ်ကားများဖြစ်ကြသည်။
မာတင်ကမ့်ဘဲလ်၏ ဇနီးဖြစ်သူသရုပ်ဆောင် ဆိုလ် အီး ရိုမီယိုသည် ခင်ပွန်းဖြစ်သူရိုက်ကူးသောဇာတ်ကားများတွင် ရံဖန်ရံခါပါဝင် သရုပ်ဆောင်လေ့ရှိသည်။
၎င်းတို့ဇနီးမောင်နှံသည် ယခုနေအိမ်ကြီးကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလအတွင်း ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၀ယ်ယူစဉ်က ကန်ဒေါ်လာ ၇ ဒသမ ၉ သန်းပေးခဲ့ရသည်ဟုခန့်မှန်းကြသည်။
နေအိမ်တည်ရှိရာမှာအမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့အနောက်ဘက် နာမည်ကျော် Pacific Palisadesဟူသောအရပ်တွင်ရှိပြီးကမ်းရိုးတန်းဒေသဖြစ်သည်။
ခြံအကျယ်အ၀န်းမှာ ဒသမ ၆ ဧကရှိပြီးနေအိမ်ကြမ်းခင်းဧရိယာအကျယ်အ၀န်းမှာ ၁၀၆၀၀ စတုရန်းပေရှိသည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားမှ တင်သွင်းသောကျောက်တုံးများဖြင့် မွမ်းမံဆောက်လုပ်ထားပြီးသစ်မာသားကြမ်းခင်းများခင်းကျင်းထားသည်။
ဧည့်ခန်းအတွင်းတွင် ရှေးဟောင်းကျောက်တုံးမီးလင်းဖိုတစ်ခုပါဝင်ပြီးmaster bedroomတွင်လည်းမီးလင်းဖိုပါရှိသည်။
အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည့်အပြင် ၀ိုင်သိုလှောင်ခန်း၊ အခန်းပိုတစ်ခန်းပါဝင်ရာ အဆိုပါအခန်းကိုကလေးကစားရန်အတွက် အသုံးပြုနိုင်သည်။
အားနည်းချက်မှာ ရေကူးကန်မပါဝင်ခြင်းပင် ဖြစ်သည်။
ရေကူးကန်မပါသောနေအိမ်တစ်လုံးအတွက် အဆိုပါခေါ်ဈေးမှာများပြားသည်ဟုအချို့ကယူဆကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)