တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူရန် Housing Saving အစီအစဉ်ဖြင့် ငွေစု ဆောင်းသူ ၃၃၅ဝ ဦးထိ ရှိလာပြီး အပ်နှံ ငွေပမာဏမှာ ကျပ်သန်းပေါင်း ၂ ဘီလီယံကျော်ထိ ရှိလာပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) ထံမှ သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂ နှစ်အတွင်း ကျပ်သိန်း ၁ဝဝ အောက် အခန်းပေါင်း ၈ဝဝဝ ကျော် ဆောက်လုပ်ရန် စီစဉ်နေပြီး ယင်းအိမ်ရာများကို ဝယ်ယူရန် အဆိုပါ ဘဏ်တွင် ကြိုတင်ငွေ စုဆောင်း ထားသည့် အိမ်ရာ မရှိသူများကို အရစ်ကျ ဦးစားပေး ရောင်းချပေးသွားရန် စီစဉ်ထား၍ ထိုသို့ ငွေစုသူများ ရှိလာခြင်း ဖြစ်သည်။
“ငွေစုတာကတော့ ပမာဏ ကန့်သတ်ချက် မရှိဘူး။ အရစ်ကျ စနစ်နဲ့ဆိုတော့ အိမ်ခန်း တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို လက်ငင်း သွင်းရမယ်။ ငွေစုထားတဲ့ သူတွေက သုံးဆယ် ရာခိုင်နှုန်းပြည့်ရင် အိမ်ရာရဖို့ အခွင့်အရေး ရသွားတာပါ။ ဒီဘဏ်က အိမ်ရာဆောက်တဲ့ နေရာမှာ ရှယ်ယာ ထည့်ထားတော့ ငွေပုံမှန် စုတဲ့သူက အခွင့်အရေး ပိုသာတာပါ”ဟု (CHDB)ဘဏ်၊ ဘဏ္ဍာရေးဌာနမှ အမှုဆောင် ဒါရိုက်တာ ဒေါ်မူမူမြင့်က ဆိုသည်။
Saving Housing အစီအစဉ်ဖြင့် ငွေစုဆောင်းခြင်းကို သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် အိမ်အခန်း တန်ဖိုး သုံးဆယ် ရာခိုင်နှုန်း ပြည့်ပြီးသူ အရေအတွက်မှာ ၃၄ဝ ခန့်သာ ရှိသေးကြောင်း အဆိုပါ ဘဏ်ထံမှ သိရသည်။
ယင်းသို့ ငွေစုဆောင်းခြင်းအတွက် (CHDB) ဘဏ်၌ ငွေစုဆောင်းသူများသည် အတိုးနှုန်း ၈ ဒသမ ၅ ကျပ်နှုန်းဖြင့် ရရှိမည်ဖြစ်ကြောင်း၊ အိမ်ခန်း ရရှိပါက ကျန်ငွေ၏ ၇ဝ ရာခိုင်နှုန်းကို ရှစ်နှစ်အတွင်း အရစ်ကျ ပေးချေရမည် ဖြစ်ကြောင်း ဒေါ်မူမူမြင့်က ရှင်းပြသည်။
“Housing Saving ကတော့ ရိုးရိုး ငွေစုဆောင်းခြင်းနဲ့ အတူတူပဲ။ အိမ်ဝယ်ယူချင်တဲ့ သူတွေ အနေနဲ့က ငွေကို စတင် စုဆောင်းဖို့ အရေးကြီးတယ်။ ကိုယ်လိုချင်တဲ့နေရာမှာ ဝယ်လို့ ရအောင် စုလို့ ရတယ်။ အဓိကတော့ ဒီဘဏ်မှာ ပုံမှန်ငွေစုတဲ့ အတွက် အိမ်ရဖို့ အခွင့်အရေး ပိုတယ်”ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်၊ အမှုဆောင် ဒါရိုက်တာ ဦးဝင်းဇော်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့တွင် ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်း အိမ်ရာများကို အိမ်ပိုင် မရှိသူ အစိုးရ ဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်ရန် ၂ဝ၁၈ ခုနှစ်အတွင်း အပြီး ဆောက်လုပ်မည် ဖြစ်သည်။
Credit: The Voice