နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရင်လတွေထက် အရောင်းအဝယ်ကောင်းပြီး အငှားပိုင်းမှာလည်း ပိုသွက်လာတယ်လို့ သိရပါတယ် ။
အရောင်းအဝယ်
နေပြည်တော်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဟာ စက်တင်ဘာလမှာ အရင်လတွေထက် ၄၀ ရာခိုင်နှုန်းလောက် ပိုမိုအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ် ။
‘ဒီနှစ်ထဲ အရောင်းအဝယ်ကအစက ခပ်မှန်မှန်ပဲ ၊ ခုလမှာ တော်တော်ပြန်ကောင်းလာတာ’ လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) မှအတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ် ။
အခုနောက်ပိုင်းမြေဝယ်တဲ့သူတွေဟာ ပေ ၁၀၀ ပတ်လည်နဲ့ ပေ ၈၀ ပတ်လည်တွေအဝယ်များပြီး ကျပ်သိန်း ၁၀၀၀ ဝန်းကျင်တန်တွေ အရောင်းအဝယ် အဖြစ်များနေတာဖြစ်ပါတယ် ။
‘မြေကွက်တွေဝယ်ရင် ခုဆိုပတ်ဝန်းကျင်ကို ကြည့်ပြီး ဝယ်လာကြတယ် ၊ မြေကွက်ကျယ်တာတွေ အရောင်းအဝယ်ပိုဖြစ်တယ်’ လို့ ဦးကျော်စွာမြင့်က ပြောပါတယ် ။
အရောင်းအဝယ်တွေ ပိုဖြစ်လာမယ့်လည်း ဈေးနှုန်းကတော့ အတက်အကျမကြမ်းဘဲ ပုံမှန်ဈေးနဲ့သာ ဖြစ်နေတာပါ ။ အရင်လတွေတုန်းက ကျပ်သိန်း ၅၀၀ အောက်မှာရှိတဲ့ မြေကွက်လေးတွေပဲ အရောင်းအဝယ်အဖြစ်များပြီး ဒီလမှာတော့ ကျပ်သိန်း ၅၀၀ အထက်နဲ့ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်တွေ အရောင်းအဝယ်ပိုဖြစ်တယ်လို့လည်း ဦးကျော်စွာမြင့်က ပြောပါတယ် ။
မြေကွက်ဝယ်တဲ့သူတွေဟာ များသောအားဖြင့် စားသောက်ဆိုင်ဖွင့်ဖို့နဲ့ စတိုးဆိုင်တွေ ဖွင့်ဖို့အတွက် လမ်းဘေးကျတဲ့မြေကွက်တွေကို ဝယ်ကြတာများတယ်လို့ သိရပါတယ် ။
နေပြည်တော်မှာ အခုလက်ရှိအရောင်းအဝယ်ဖြစ်နေတဲ့ နေရာတွေကတော့ ဇေယျာသီရိမြို့နယ် ၊ ဥတ္တရသီရမြို့နယ် ၊ ပေါင်းလောင်းဘက်နဲ့ ရွှေကြာပင်ရပ်ကွက်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
အငှား နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အခုလမှာ အငှားတွေလည်း ပိုသွက်လာတယ်လို့ သိရပါတယ်။
‘အငှားတွေအလုပ်အဖြစ်တာကြာပြီ ၊ အခုတော့ ကုမ္ပဏီတွေက ဝန်ထမ်းတွေ ဝင်လာကြပါတယ်’ လို့ ဦးကျော်စြွာ့မင့်က ပြောပါတယ် ။
အများဆုံးငှားကြတာကတော့ ပုဂ္ဂလိက ဝန်ထမ်းတွေဖြစ်ပြီး ကျပ်နှစ်သိန်းနဲ့ ကျပ်ငါးသိန်းကြားတွေမှာ အငှားများတယ်လို့ သိရပါတယ် ။
‘ဒီလထဲမှာ အစိုးရဝန်ထမ်းတွေက နည်းပါတယ် ၊ ဆက်သွယ်ရေးဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီတွေက လာငှားတာများတယ်’ လို့ ဦးကျော်စွာမြင့်က ပြောပါတယ် ။
တချို့ကုမ္ပဏီတွေဆို ၁၀ သိန်းနဲ့ သိန်း ၂၀ ကြားမှာငှားတဲ့သူတွေလည်း ငှားကြပါတယ် ။ အငှားအများဆုံးနေရာတွေကတော့ သပြေကုန်း ၊ ပျဉ်းမနားနဲ့ ရာဇဌာနီလမ်းဘေးတွေ ဖြစ်တယ်လို့ သိရပါတယ်။
‘ဇဗ္ဗူသီရိထဲမှာတော့ အငှားတွေက ကုန်သလောက်ဖြစ်နေပြီ ၊ တခြားနေရာတွေပဲ အခုတလော လိုက်ပြနေရတယ် ၊ အငှားက ခုလမှ ပြန်သွက်လာတာ’ လို့ အောင်ဆုပန်အိမ်ခြံမြေအကျိုးဆောင်မှ ဒေါ်အေးနန်းစိုးက ပြောပါတယ် ။
နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရင်လတွေက အေးနေပေမဲ့လည်း ခုစက်တင်ဘာလမှာတော့ နေ့တိုင်းလိုလိုရောင်းဝယ်ငှားတွေ ဆက်တိုက်ဖြစ်နေတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ် ။
Credit: The Kumudra