အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို တင်ပြထားတယ်လို့သိရပါတယ် ။
ဥပဒေကြမ်းပြုလုပ်ရတာကအိမ်ခြံမြေအကျိုးဆောင်တွေရဲ့အကျိုးစီးပွားကိုဥပဒေနဲ့ကွပ်ကဲပြီးတာဝန်ကျေပွန်အောင်ဆောင်ရွက်နိုင်အောင် ၊လုပ်ငန်းအပ်နှံတဲ့သူတွေကျေနပ်မှုအပြည့်အဝရပြီး အကျိုးဆောင်နဲ့လုပ်ငန်းအပ်နှံသူတွေကြားအငြင်းပွားမှုလျော့နည်းအောင် ၊ဝင်ငွေတွေအပေါ်နိုင်ငံတော်အခွန်အခ အပြည့်အဝရနိုင်အောင် ၊နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တဲ့လုပ်ငန်းဆောင်ရွက်မှုတွေမြင့်မားတိုးတက်အောင် ၊နိုင်ငံအတွင်းတင်မဟုတ်ဘဲအာဆီယံဒေသအတွင်း အပါအဝင်နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလုပ်ငန်းတွေတိုးချဲ့ဆောင်ရွက်နိုင်အောင်ဖြစ်တယ်လို့သည်နေ့ကျင်းပတဲ့အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေကြမ်းသတင်းစာရှင်းလင်းပွဲကသိရပါတယ် ။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ၊ဥက္ကဌဦးခင်မောင်သန်းက ‘အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းမရှိသေးတော့ဥပဒေကြမ်းရှိရင်များစွာအကျိုးရှိမှာဖြစ်တဲ့အတွက်ပြဌာန်းဖို့လိုကြောင်းကို အားလုံးကထောက်ခံပြီးတင်ပြထားတာ ‘လို့ပြောပါတယ် ။
လောလောဆယ်တော့ဥပဒေမူကြမ်းမှာ အခန်းခုနှစ်ခန်းပါဝင်ပါတယ် ။ပုဒ်မ ၂၅ခုပါဝင်ပါတယ် ။ဘယ်တော့လောက်ထွက်လာမလဲဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်တဲ့အခါပြသနာသိပ်မရှိရင်အချိန်တိုနဲ့ထွက်လာနိုင်တယ် ။ဆွေးနွေးမှုတွေများလာရင်တော့အချိန်ယူရမှာဖြစ်တယ်လို့ဆိုပါတယ် ။
‘ပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သတ်ပြီးအခန်း ၇ ပုဒ်မ ၁၁အရလိုင်စင်မရှိဘဲအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရင်ထောင်ဒဏ် နှစ်နှစ် (သို့) ၁၀သိန်း ၊ဝန်ဆောင်ခမယူဘဲ မိသားစုအသိမိတ်ဆွေတွေကို လုပ်ဆောင်ပေးရင်တော့ သည်ဥပဒေနဲ့အကျုံးမဝင်ဘူးလို့ ပါရှိတယ် ။ပုဒ်မ ၂၂မည်သည့်ဝန်ဆောင်မှုလုပ်ငန်းအပ်နှံလျှင်နှစ်ဦးသဘောတူပြန်လည်မရုပ်သိမ်းဘဲ ဝန်ဆောင်ခပျက်ကွက်ရင်သုံးနှစ်(သို့)သိန်း ၂၀ပေးဆောင်ဖို့တွေပါဝင်တယ် ‘လို့တရားလွှတ်တော်ရှေ့နေအကြံပေးဦးကျော်ဇေယျက ပြောပါတယ် ။
အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေကြမ်းရေးဆွဲဖို့ စီစဉ်တဲ့အခါဥပဒေကြမ်းပူးပေါင်းကော်မတီ ၊
ဆောက်လုပ်ရေးဝန်ဆောင်ရေးဝန်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ၊ရှေ့နေချုပ်ရုံး ၊
အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေ ၊ပြည်သူ့အသံနဲ့ ဝါသနာပါသူစိတ်ဝင်စားသူတွေ ၊ကျွမ်းကျင်ပညာရှင်တွေဖိတ်ပြီး ဥပဒေကြမ်းပြုစုပြီးပြည်ထောင်စုလွှတ်တော်ကို တင်ပြမယ်လို့သိရပါတယ် ။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ၊ဒုတိယဥက္ကဌ ဦးသန်းဦးက ‘ဥပဒေထွက်လာရင် အကျိုးဆောင်တွေသီးသန့်လေးဖြစ်သွားမယ် ၊ဥပဒေဘောင်အတွင်းကဖြစ်တဲ့အတွက်အမှားအယွင်းနည်းသွားလိမ့်မယ် ‘လို့ပြောပါတယ် ။
Credit :Kumudra