အစိုးရအကူးအပြောင်းကာလမှာ လူပုဂ္ဂိုလ်နာမည်တွေနဲ့ မြေယာချထားပေးခဲ့တာတွေ လုပ်ထုံးလုပ်နည်းနဲ့ မှန်ကန်မှု ရှိမရှိ စစ်ဆေးနေတာနဲ့ ပတ်သက်ပြီး လာမယ့်အပတ်အတွင်းမှာ သက်ဆိုင်ရာဌာန အကြီးအကဲတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး မမှန်ကန်ဘူးလို့ ယူဆရတဲ့ မြေကွက်ပိုင်ရှင်ကို ခေါ်ယူတွေ့ဆုံသွားဖို့ ရှိတယ်လို့ မြေယာချထားပေးမှု လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စုံစမ်းစစ်ဆေးရေးအဖွဲ့က သိရပါတယ်။
‘တွေ့ဆုံဖို့အတွက် ချိန်းထားတယ်၊ တွေ့ဆုံမေးမြန်းပြီးတော့ အစီရင်ခံစာ မတင်ခင်မှာ မြေကွက်ပိုင်ရှင်တွေနဲ့ တွေ့ဖို့ လိုအပ်ရင် တွေ့မယ်၊ on ground ဆင်းဖို့ လိုရင်ဆင်းမယ်၊ စစ်ဆေးတွေ့ရှိချက်ကို အစိုးရအဖွဲ့ကို တင်ပြမယ်၊ မှန်ကန်မှု ရှိတယ်၊ မရှိဘူးဆိုတာတော့ အစိုးရအဖွဲ့က ဆုံးဖြတ်ပါမယ်’ လို့ အစိုးရ အကူးအပြောင်း ကာလမြေယာချထားပေးမှု လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဋ္ဌေးက ပြောပါတယ်။
အစိုးရ အကူးအပြောင်းကာလ ဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေယာတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ ချထားပေးမှုတွေ ရှိခဲ့လို့ အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ကို အခုနှစ် ဇူလိုင်လ ၁ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ချမ်းမြေ့သာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
‘အမှုတွဲတွေကို သက်ဆိုင်ရာဌာနတွေကို တောင်းရတယ်၊ အမှုတွဲပေါင်း ၄၀၀ ပတ်ဝန်းကျင် ရှိတယ်၊ အဖွဲ့အနေနဲ့ အမှုတွဲကို ဘယ်သူက ချပေးလဲ၊ ဘယ်သူ့ကို ချပေးလဲ၊ ဘယ်လိုချပေးထားတာလဲ ဆိုတာတွေကို စစ်တယ်’ လို့ ဒေါက်တာ ခင်မောင်ဋ္ဌေးက ပြောပါတယ်။
အစိုးရ အကူးအပြောင်းကာလမှာ မန္တလေးစည်ပင်သာယာကော်မတီရဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ မြို့နယ်နိမိတ်အတွင်းမှာ လူပုဂ္ဂိုလ် ၉၉ဦးကို မြေကွက်ချထားပေးမှု အလျင်အမြန် ပြုလုပ်ပေးခဲ့တာတွေ ရှိခဲ့ပြီး မြေပုံဇယားမှာ စာသင်ကျောင်း၊ ဈေးလို့ နာမည်တပ်ထားပေမဲ့ မြေပြင်မှာ အကွက်ရိုက်ရောင်းထားတာတွေ ရှိနေတယ်လို့ ယခုလ ၁ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေး သိရပါတယ်။
‘ဒီကိစ္စက အရမ်းအရေးကြီးတဲ့အတွက် အခုအချိန်မှာတော့ ပြည်သူတွေကို တရားဝင်ထုတ်ပြန်လို့ မရသေးဘူး၊ အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီးရင်တော့ လုပ်ပါမယ်၊ အခုလဲ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေပါတယ်’ လို့ ဒေါက်တာ ခင်မောင်ဋ္ဌေးက ပြောပါတယ်။
အစိုးရ အကူးအပြောင်းကာလ လူပုဂ္ဂိုလ် နာမည်တွေနဲ့ မြေယာချထားပေးမှု လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အခုနှစ် သြဂုတ်လ ၁ရက်နေ့ စတင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး အဲသည်အဖွဲ့မှာ မန္တလေးတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကြေးတိုင်နဲ့မြေစာရင်းက တာဝန်ရှိသူတစ်ဦးက အတွင်းရေးမှူး၊ မန္တလေးတိုင်းအတွင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ဦးနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် သုံးဦးတို့ ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
Credit:Kumudra