ဆောက်လုပ်ရေး လုပ်ငန်းလို့ ပြောလိုက်တာ နဲ့ အထပ်မြင့် အထပ်နိမ့် ၊ လုံးချင်းအိမ် ဆောက်တာက အစ ယုတ်စွ အဆုံး ခြံစည်းရိုးကာတဲ့း လုပ်ငန်းတွေအပြင် တည်ဆောက်ရေး လုပ်ငန်းခွင် တွေ အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းသွင်းတဲ့ လူတွေ နောက်ဆုံးအဆင့် မြစ်ကမ်းချောင်းကမ်းက သဲထမ်းကျောက်ထမ်းတဲ့ လူတွေ အထိ အကျုံးဝင် ပက်သက်ဆက်နွှယ်နေတဲ့ ကြီးမားတဲ့ လုပ်ငန်းကြီး တစ်ခုဖြစ်ပါတယ် ။
ဒီလုပ်ငန်း နယ်ပယ်ကြီး အတွင်းမှာ သိန်းနဲ့ ချီတဲ့ လူတွေ ပါဝင် အလုပ်လုပ်နေသလို ဒီလူတွေကို မှီခိုနေကြတဲ့ မိသားစုတွေပါ ထည့်တွက်ကြည့်လိုက်ရင် CONSTRUCTION SECTOR ကြီးတစ်ခုလုံးရဲ့ ပါဝင်ပက်သက်မှု ကို မှန်းဆမိမှာဖြစ်ပါတယ်။
အစိုးရသစ် တက်လာပြီး ၄၅ ရက်အကြာ မေလ ၁၅ ရက်မှာတော့ ပြည်တွင်းအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် မကောင်းလို့ ဖုတ်လိုက်ဖုတ်လိုက် ရှင်သန်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါ မူဝါဒနဲ့ ကိုက်မကိုက် လုပ်ထုံးလုပ်နည်းနဲ့ ညျီမညီ ပြန်စစ်ဖို့လိုတဲ့ အတွက် ရပ်ဆိုင်းထားဖို့ ညွှန်ကြားလိုက်တာကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲခဲ့တာ အခုဆိုရင် အချိန် သုံးလ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အခုထိလည်း လုပ်ငန်းတွေ နလန်မထူနိုင်သေးပါဘူး။
အငြင်းပွားဖွယ်ရလာဒ်တွေနဲ့ အချို့အဆောက်အအုံတွေကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီ လို့ဆိုပေမယ့်လည်း ဒီလုပ်ငန်းတွေ ပုံမှန် အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့ အတွက်ကတော့ မလွယ်ကူဘူး ဆိုတာ အားလုံးအသိဘဲ ဖြစ်ပါတယ်၊ ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းကြီး တွေတော်တော်များများကလည်း ဘဏ်ချေးငွေ တွေနဲ့ လုပ်ငန်းတွေ လုပ်တဲ့သူတွေ အများအပြားရှိသလို PROJECT တစ်ခုလုံးအတွက် ဘဏ်ချေးငွေကလည်း COVER ဖြစ်နိုင်မှာ မဟုတ်တဲ့ အတွက် အခုလိုအခြေအနေ မကောင်းတဲ့ အချိန်ကာလမှာ ကုမ္မဏီတွေလ့ည်း ဟန်ကိုယ်ဖို့ဆိုတဲ့ သဘောနဲ့ နောင်တစ်ချိန်မှာ အေ၇ာင်းအ၀ယ် ပြန်ဖြစ်လာခဲ့ရင် မြတ်မှာဘဲ ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ငွေကိုယ်စိုက်ပြီး ဆောက်တာဘဲဖြစ်ဖြစ် ၊ ဆွေမျိုးနီးစပ်မိတ်ဆွေ သူငယ်ချင်းတွေဆီကနေဘဲ ဖြစ်ဖြစ် အတိုးနဲ့ ငွေယူပြီး ရပ်တည်ကြတဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ ရပ်ခံထားရတဲ့ သုံးလ အတွက် အပြင်က ငွေယူထားရင် အတိုးပေးရမှာ ကျိန်းသေပါတယ်။
အရင်အစိုးရလက်ထက်မှာ ခွင့်ပြုထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဥပဒေနဲ့ မညီဘူး အဂတိလိုက်စားတယ်လို့ ယူဆခဲ့ရင် ဒီအဆောက်အအုံတွေကို ခွင့်ပြုပေးခဲ့တဲ့ စည်ပင်လိုအဖွဲ့တွေ ၊ အာဏာပိုင်အဖွဲက တာဝန်ရှိသူတွေကို အခုအစိုးရသစ်က ခေါ်ယူ မေးမြန်းစစ်ဆေးမေးမြန်းနိုင်သလို လာဘ်ပေးလာဘ်ယူ လုပ်ရပ်တွေ ပေါ်လွင်ခဲ့ရင်လည်း ပေးသူကော ယူသူကော နှစ်ယောက်စလုံးကို အပြစ်ပေးအရေးယူဖို့ လုပ်ရမှာဖြစ်ပါတယ် ။ အရင်အစိုးရလက်ထက်က ဒီအဆောက်အအုံတွေကို ခွင့်ပြုပေးလိုက်တဲ့ လူတွေလည်းအခုချိန်မှာ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေဆဲဖြစ်သလို စည်ပင်လို့ အဖွဲ့တွေကလည်း အခုချိန်ထိ လုပ်ငန်းတွေ ဆက်လုပ်နေတုံးဖြစ်ပါတယ် ။ ဥပဒေနဲ့ မညီဘဲ ခွင့်ပြုခဲ့တာလို့ ယူဆရင် တာဝန်ရှိသူတွေကိုပါ စီစစ်အရေးယူပေးဖို့ အရေးကြီးပါတယ်။
အခုဖြစ်နေတဲ့ ပုံစံက ဒီ PROCESS ပျောက်နေပြီး ဖိနပ်နဲ့ ခြေထောက်မတော်လို့ ခြေဖနောင့်ကို လှီးပစ်တဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဟိုအဆောက်အအုံကတော့ အခန်းလျှော့ပေးပါအုံး ၊ ကားပါကင် ပြန်ထည့်ပေးပါအုံး ၊ ကားအ၀င်အထွတ် ပြန်လုပ်ပေးအုံး ၊ အထပ်လျှော့အုံးဆိုတဲ့ ဈေးဆစ်တဲ့ ကိစ္စတွေ ပြောလာတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ အထိဖြစ်ခဲ့ပြီးပါပြီ ။
မြန်မာစီးပွားရေးလောကမှာကတော့ ကိုယ်ဖြစ်ရင်ကိုယ်ခံ ကိုယ့်ပြသနာ ကိုယ်ရှင်းဆိုတဲ့ ပုံစံနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆောက်လုပ်ရေးသမားတွေ ဖြေရှင်းနေရကြလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ နိုင်ငံတကာ မဆိုထားနဲ့ လောလောဆယ် လုပ်ငန်းတွေပြုတ်မသွားအောင်တောင် အနိုင်နိုင်ရပ်တည်နေ၇တဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံသူတွေ အခုချိန်ထိ ဘာကြောင့်မ၀င်သေးတာလဲ သူတို့ဘာကြောင့်ဝင်ဖို့ တွန့်ဆုတ်နေတာလဲ ဆိုတာကိုလည်း အဖြေရှာပြုပြင်ဖို့လိုပါတယ် ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ၊ ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နောက်ကွယ်မှာ သူတို့ကိုမှီခိုနေရတဲ့ ထောင်ပေါင်များစွားသော အလုပ်သမားတွေ ၊ သူတိုကိုမှီခိုနေတဲ့ ဘ၀တွေ အတွက် စည်းစနစ်ကျကျနဲ့ စီစစ်ရေးလုပ်ငန်းတွေကို ပညာရှင်အမြင် ၊ စီးပွားရေးအမြင်ရှိရှိနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အေ၇းကြီးပါတယ်။
ဆောက်လုပ်ရေးအလုပ်သမားတွေ ဆိုတာ တစ်ခြားသော ကုန်ထုတ်အလုပ်သမားတွေ နဲ့မတူညီဘဲ တစ်နေ့လုပ်တစ်နေ့စားအခြေခံ အလုပ်သမားတွေက အများစုဖြစ်လို့ ပြည်သူ့မျက်နှာမူတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြန်ည်ကြည့်ရူ့ပြီး စည်းစနစ်တကျ လုပ်သင့်လုပ်ထိုက်တာတွေကို ပြန်လုပ် ပေးသင့်ပြီလို့ ယူဆလို့ ဒိဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေဆိုတာ သူတို့ အခက်အခဲဖြစ်လို့ လုပ်ငန်းတွေ ရပ်ပစ်လိုက်ရင်တောင် သူတို့မှာ စားစရာနေစရာ အဆင်သင့်ရှိပေမယ့် ဒီအလုပ်သမားတွေရဲ့ မနက်ဖြန်ကတော့ ဘယ်သူ့မှ အာမခံချက်မပေးနိုင်ပါဘူး ပြည်တွင်းမှာကတော့ အာစရိတွေ ဟိုလိုလိုဒီလိုလိုနဲ့ သုံးလလောက် ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းခိုင်းလိုက်ပြီးမှ ပြန်ဖွင့်တယ့်အတွက် သေချာတဲ့ ကိစ္စတစ်ခုကတော့ ဘဏ်ကချေးတာဘဲဖြစ်ဖြစ် ၊ အပြင်ကနေ အတိုးနဲ့ ယူပြီး ဆောက်တာဘဲဖြစ်ဖြစ် အတိုးကတော့ ငြိမ်နေမှာ မဟုတ်ဘဲ ဆောက်လုပ်ရေးသမားတွေ ရပ်ဆိုင်းလိုက်တဲ့ သုံးလတာ ကာလအတွက် အတိုးကတော့ ပေးရမှာဖြစ်ပါတယ် ၊ နောက်ဆက်တွဲ ပြသနာ အနေနဲ့ကတော့ ရောင်းသူဆောက်လုပ်ရေး ကုမ္မဏီ နဲ့ ကြိုပွိုင့်ဝယ်ယူသူအကြားမှာ ချုပ်ဆိုထားတဲ့ တိုက်ခန်းအပြီးအပ်ရမယ့် TIMELINE ကလည်း သေချာပေါက် အချိန်မီ မအပ်နိုင်တော့တဲ့ အတွက် ကုမ္မဏီနဲ့ ၀ယ်သူအကြားမှာ လည်းအပေးအယူ တစ်ခု ကျိန်းသေလုပ်ရမှာဖြစ်သလို စာချုပ်စည်းကမ်းကို ဖောက်ဖျတ်သလို ဖြစ်သွားတဲ့ အတွက်လည်း ၀ယ်သူအတွက် ဈေးကွက်သဘောတရား အရ ထိုက်တန်တဲ့ အလျော်အစားတစ်ခုကို ဆောက်လုပ်ရေး ကုမ္မဏီတွေဘက်က လုပ်ပေးရမှာဖြစ်ပါတယ်။ အခုတောင် အပြင်မှာ ကြားနေရတဲ့ သတင်းတွေအရ ကြိုပွိုင့်ဝယ်တဲ့ သူတွေက ပုံမှန်ငွေသွင်းရမယ့် အချိန်မှာ ငွေမသွင်းတော့ဘဲ တိုက်ခန်းပြီးမှ ငွေသွင်းမယ်ဆိုပြီး လည်ပင်းညှစ်လာတာကို ဆောက်လုပ်ရေး သမားတွေခံစားနေရပါပြီ ။
၂၀၁၃ ခုနှစ်လောက်ကစပြီး ပြည်တွင်းမှာ အိမ်ခြံမြေ လုပ်ငန်းတွေအေးလာပြီး အရောင်းသာရှိ အ၀ယ်ပျောက်နေချိန်မှာ သူနဲ့ ဆပ်စပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ကျရိပ်သန်းခဲ့တာ အားလုံးအသိဘဲဖြစ်ပါတယ် ၊ ၂၀၁၅ ရွေးကောက်ပွဲပြီးရင်တော့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အစိုးရသစ် လက်ထက်မှာ ပြန်လည်ဦးမော့လာနိုင်တယ်လို့ ခန့်မှန်းကြပေမယ့်လည်း အခုချိန်ထိကတော့ အရောင်းအ၀ယ်အေးပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း ဆက်လက်ရှင်သန်ဖို့ အင်မတန် ရုန်းကန်နေရတဲ့ အနေအထား ဖြစ်ပါတယ်။
ဆောက်လုပ်ရေးကုမ္မဏီ တစ်ခုက ဆောက်တဲ့ တိုက်ခန်းတစ်ခန်းကို ရောင်းလိုက်ရပြီ ဆိုပါတော့ ဒီငွေတွေက ဒီတိုက်ခန်းကိုဆောက်တဲ့ အလုပ်သမားတွေ ၊လုပ်ငန်းသုံး ပစ္စည်းပေးသွင်းသူတွေ ၊ အုတ်သဲကျောက် တင်သွင်းသူတွေ ၊ သဲဒိုင်ကျောက်ဒိုင်တွေ ၊ တဆင့်ခံကန်ထရိုက်တာတွေ အပြင် နောက်ဆုံး ဒီတိုက်ခန်းရောင်းရဖို့ ကြော်ငြာထည့်ရတဲ့ အတွက် မီဒီယာ တွေ အထိပါ ငွေကြေးတွေ ရာခိုင်နှုန်းအလိုက် စီးဝင်သွားကြတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ငွေကြေး စီးဆင်းလည်ပတ်မှု မြန်ဆန်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။
ကန်ထရိုက်တွေ ၊ ဆောက်လုပ်ရေး ကုမ္မဏီတွေ ကြားရေပန်းစားတဲ့ စကားလေးတစ်ခုကတော့ ကန်ထရိုက်လက်ကြားက ငွေက လောလောဆယ်မှာ အပုံအပင် မြင်နေရပေမယ့် ခဏအကြာမှာ နေရာပေါင်းစုံက ပြန်လည်စီးဆင်းသွားတက်လိုတောင် ပြောစမှတ်ပြုကြပါတယ် ၊ ဆိုလိုချင်တာက ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ အခြားသော ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ မတူညီကြဘဲ ၀င်လာတဲ့ ငွေကြေးအရင်းအမြစ်တစ်ခုက နေရာပေါင်းစုံကို ပြန်လည်စီးဆင်းသွားကြတယ်ဆိုတဲ့ သဘောဖြစ်ပါတယ် ၊ လက်ကြားငွေယို သွားလို့ ကန်ထရိုက်မှာ ကျန်ခဲ့တာက လက်မှာကပ်ကျန်တဲ့ငွေနည်နည်းလေးဘဲ လို့ တင်စားပြောကြတာဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြီးတဲ့ အရာဝတ္တုဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးမှာ ကျောချစရာ နေရာတစ်ခု အတွက် လိုအပ်တဲ့ နေရေးက ဘယ်လောက်အရေးကြီးတယ် ဆိုတာ လူသားအားလုံးသိကြမှာ ဖြစ်ပါတယ်။ ဒီအတွက်တည်ဆောက်ရေး လုပ်ငန်းတွေ က လူ့အဖွဲံ့အစည်းတစ်ခုအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံလို အရှေ့တောင်အာရှ ကနိုင်ငံငယ်တစ်ခုမဆိုထားနဲ့ ကမ္ဘာစီးပွားရေး ထိပ်သီး အမေရိကန်လို နိုင်ငံမှာတောင် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုကွဲခဲ့တဲ့ အတွက် ဘဏ်ချေးငွေတွေ ပြန်မဆပ်နိုင်တော့လို့ ဘဏ်တွေ ဒေ၀ါလီခံရလိုခံရ ၊ အစိုးရက ၀င်ကယ်ရတဲ့ဘဏ်တွေ ၊ ဘဏ်အချင်းချင်းပေါင်းလိုက်ရတဲ့ အခြေအနေ ထိ ဖြစ်ပျက်ခဲ့ပါတယ် ။ အဓိက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းကတော့ ဘဏ်တွေက အချင်းချင်းယှဉ်ပြိုင်လိုဇောနဲ့ ငွေတွေကို အလွန်အကျွံထုတ်ချေးခဲ့လို့ ကြွေးဆုံးပြသနာက စတာဖြစ်ပါတယ် ။ မြန်မာပြည်က ဆောက်လုပ်ရေး လုပ်ငန်းတွေ ဘဏ်တွေဆီက ယူထားတဲ့ ချေးငွေပြန်မဆပ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
ကမ္ဘာစီးပွားရေး ထိပ်သီးနိုင်ငံကြီး ပြိုလဲတော့ တစ်ခြား နိုင်ငံငယ်လေးတွေရဲ့ စီးပွားရေးတွေပါ ကျ ၊ စတော့ဈေးတွေ ကမောက်ကမ ဖြစ်ပြီး ယူပါကယ်ပါ ဆိုတဲ့ နိုင်ငံငယ်လေးတွေ အများကြီး ဖြစ်ခဲ့ပြီး ကမ္ဘာဘဏ်တို့လို imf တို့လို ငွေရေးကြေးရေး အဖွဲ့အစည်းတွေက ၀င်ပြီးကူညီ ကယ်ဆယ်ခဲ့ရတာ အားလုံး အသိအမြင်ဘဲဖြစ်ပါတယ်။ ပြောချင်တဲ့ အဓိက အကြောင်းအချင်းအရာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမှာ ဆောက်လုပ်ရေးလုပ်ငန်းကြီး ဘယ်လောက်အေ၇းပါ သလဲ ဆိုတာကို မီးမောင်းထိုးပြချင်တဲ့ သဘောဖြစ်ပါတယ်။
သမ္မတ အိုဘားမားကတော့ ကျဆင်းနေတဲ့ အမေရိကန် စီးပွားရေး အခြေအနေကို အသေအချာလေ့လာသုံးသပ်ပြီး နိုင်ငံအနှံ့မှာ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာအခြေအတင် စကားစစ်ထိုးပွဲတွေ လုပ်ပြီး တိုင်းပြည်စီးပွားရေးကို ပြန်လည်ကယ်တယ်လိုက်ရပါတယ် ၊ လွယ်လွယ်ကူကူနဲ့ တော့ စီးပွားရေး ပြန်လည်နလန်ထူလာတာတော့ မဟုတ်ပါဘူး ။
အရေးကြီးတဲ့ စီးပွားရေး နယ်ပယ်ကြီး တစ်ခုဖြစ်တဲ့ ဆောက်လုပ်ေ၇း လုပ်ငန်းတွေကို စီမံခန့်ခွဲရတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ၊ လုပ်ငန်းရှင်တွေ ပါဝင်ပက်သက်ပြီး စီမံခန့်ခွဲပိုင်ခွင့် ရှိသူတွေအားလုံးမှာ အရေးကြီးတဲ့ လိုအပ်ချက်ကတော့ ဒီလုပ်ငန်းနဲ့ ပက်သက်တဲ့ အသိပညာ အတက်ပညာ စီမံခန့်ခွဲမှု ကျွမ်းကျင်ဖို့ အထူးလိုအပ်ပါတယ် ။ အကိုင်အတွယ်မတက်ရင် အရေးကြီးတဲ့ စီးပွားရေး လောကကြီး တစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားမှာ ဖြစ်သလို စားဝတ်နေရေးကျပ်တည်းလို့အခြေခံ အလုပ်သမား သပိတ်တွေ လမ်းပေါ်မှာ တွေ့မြင်ရလာနိုင်ပြီး နီုင်ငံရဲ့ စီးပွားရေး လူမှုရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကိုပါ ပျက်ပြားသွားစေနိုင်ပါတယ် ၊ ဒီဖော်မြူလာဟာ နိုင်ငံတိုင်းမှာ ကြုံတွေ့နေရတဲ့ စီမံခန့်ခွဲမှု အမှားအယွင်း ၊ စီးပွားရေး အမြင်နဲ့ ပညာရှင် အမြင်နှစ်ခုအကြားက အားပြိုင်ပွဲတွေ ဖြစ်သလို တစ်ခါတရံမှာ နိုင်ငံရေးကစားကွက်တွေလည်း ဖြစ်သွားတက်ပါတယ် ။ ပေးဆပ်ရတဲ့ အရင်းအနှီးကတော့ နိုင်ငံစီးပွားရေး အတက်အကျ အပေါ်လောင်းကြေးထပ် ကစား ရသလို ပါဘဲ။
သူဌေးသင်္ဘောမှောက်တာ ပြသနာ သိပ်မရှိသလို ဆင်ပိန်ရင်တောင် ကျွဲလောက်ကျန်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထက် သူတို့ကိုမှီခိုနေတဲ့ အနာဂတ်မဲ့ အလုပ်သမားတွေရဲ့ဘ၀ကို တစ်ဖက်တစ်လမ်းမှ ပြန်လည်ကြည့်ရှု့ပြီး မြန်မာစီးပွားရေး လုပ်ငန်းကြီးတစ်ခုလုံးကို အစိုးရဘက်က အင်တိုက်အားတိုက်နဲ့ လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာ ဖြစ်တဲ့ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်းတီပေးဖို့ မျှော်လင့်မိပါတယ။
နိုင်ငံတစ်ခုရဲ့ စီးပွားရေး ကျဆင်းတယ်လို့ ပြည်တွင်းပြည်ပက ပညာရှင်တွေ သုံးသပ်လာကြပြီဆိုရင်တော့ သက်ဆိုင်ရာ အစိုးရတွေက နိုင်ငံအနှံ့မှာ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေလုပ်ဖို့ အစိုးရက ငွေ ထုတ်ပြီး ရင်းနှီးမြုပ်နှံမှု တွေလုပ်ပြီး ကျနေတဲ့ စီးပွားရေးကို ပြန်လည်ဆွဲတင်ကြတဲ့အလေ့အထ ရှိပါတယ် ၊ စီးပွားရေးအင်အားတောင့်တင်းပါတယ်ဆိုတဲ့ စင်ကာပူ လိုနိုင်ငံတောင် သူ့နိုင်ငံသားတွေ အလုပ်အကိုင်ရဖို့ ၊ ငွေကြေးလည်ပတ်စီးဆင်းနိုင်ဖို့အတွက် အခုချိန်ထိ တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်နေဆဲ ဖြစ်သလို ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်းပစ်ပယ်ထားခြင်း မရှိတာ စင်ကာပူ ရောက်ဖူးသူတိုင်း သိကြတဲ့ အမှန်တရားဖြစ်ပါတယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com