မလေးရှားနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု တွေ့ရှိလာရသောကြောင့် အသစ်ဆောက်လုပ်သည့် အိမ်ရာစီမံကိန်းအားလုံးတွင် ခြင်ဖမ်းစက်များတပ်ဆင်ရန် မလေးရှား မြို့ပြသာယာဝပြောရေး၊ အိုးအိမ်နှင့် ဒေသတွင်းအစိုးရ၀န်ကြီးဌာန၀န်ကြီးနိုအိုမာကအမိန့်ထုတ်ပြန်လိုက်ကြောင်းမလေးရှားအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Developer တို့၏ လိုင်စင်သစ်များအတည်ပြု ထုတ်မပေးမီ အဆိုပါအချက်ကို ဖြည့်ဆည်းလိုက်နာထားရန် လိုအပ်ကြောင်း ၀န်ကြီး နိုအိုမာက ပြောကြားသည်။
“နိုင်ငံအတွင်းမှာ ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ဖို့နဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ဖို့ ကြိုးပမ်းရာမှာ developer တွေအနေနဲ့ ပိုမိုတက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်” ဟု အိုးအိမ်ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ယခင်က ထုတ်ပြန်ကြေညာခဲ့သည်မှာ မလေးရှားတွင် အကောင်အထည်ဖော်လျက်ရှိသော People’s Housing Programme စီမံကိန်းအရ ဆောက်လုပ်သည့် အိမ်ရာစီမံကိန်းများနှင့် ၀န်ကြီးဌာနလက်အောက်တွင်ရှိသော အပန်းဖြေနေရာများကို အဆင့်မြှင့်တင်သည့် စီမံကိန်းများတွင် ခြင်ဖမ်းစက်များတပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
မလေးရှားတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဦးရှိပြီဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အဆိုပါရောဂါကူးစက်ခံထားရကြောင်း စက်တင်ဘာ ၈ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ပြီး ယခုအခါအစိုးရဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
ထို့အပြင်မလေးရှားတွင် “လူငယ်အကူးအပြောင်းနေအိမ်” အမည်ရှိ နေအိမ်များဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပြီး လက်ထပ်ပြီးစ စုံတွဲများနှင့် လူငယ်တစ်ကိုယ်ရည်သမားများအတွက် ရည်ရွယ်ကြောင်း အိုးအိမ်ဝန်ကြီးက ပြောကြားသည်။
အဆိုပါ နေအိမ်ခန်းများမှာ စတုရန်းပေ ၄၀၀ အကျယ်အ၀န်းရှိမည်ဖြစ်ပြီး ရောင်းချရန်မဟုတ်ဘဲ ငှားရမ်းနေထိုင်မည့်သူတို့အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သည်။
နေထိုင်ရန်နေရာရှာဖွေရာတွင် အခက်အခဲကြုံတွေ့နေကြရသော လက်ထပ်ပြီးစ ဇနီးမောင်နှံများကို အကူအညီပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
ယင်းအခန်းများ၏ ငှားရမ်းခကိုမူ လာမည့် အောက်တိုဘာလသို့ရောက်မှ ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိသည်ဟု အိုးအိမ်ဝန်ကြီးက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)