ဒူဘိုင်းတွင် ပုံနှိပ်စာအုပ်ပေါင်း ၁ ဒသမ ၅ သန်း၊ ဒစ်ဂျစ်တယ်စာအုပ် ၂ သန်းနှင့် အသံသွင်းစာအုပ်ပေါင်း တစ်သန်းထားရှိမည့် စာကြည့်တိုက်ကြီးကို ဒူဘိုင်းငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၂၇၂ သန်း ) အကုန်အကျခံကာ တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ စာကြည့်တိုက်ကြီးကို မိုဟာမက် ဘင်ရာရှစ် စာကြည့်တိုက်ဟု အမည်ပေးထားပြီး ဒူဘိုင်းလက်ထောက်အကြီးအကဲ၊ အာရပ်စော်ဘွားများပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး၊ ဒူဘိုင်းစည်ပင်သာယာရေးဥက္ကဌဖြစ်သူ ရှိတ်ခ်ဟမ်ဒန် ဘင်ရာရှစ် အယ်လ် မက်ခ်တိုအမ်က အတည်ပြုခွင့်ပြုချက်ပေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြီးသတ်တည်ဆောက်နိုင်ရန် ရည်မှန်းထားပြီး စာအုပ်တစ်အုပ်ဖွင့်ထားသည့် ပုံသဏ္ဍာန် ဆောက်လုပ်သွားမည်ဖြစ်သည်။
၇ ထပ်အမြင့်ဆောက်လုပ်မည့် အဆိုပါစာကြည့်တိုက်ကြီးတွင် နှစ်စဉ် ယဉ်ကျေးမှုဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ ပွဲပေါင်း ၁၀၀ ကျော် လက်ခံကျင်းပရန် ရည်မှန်းထားသည်။
အဆိုပါစာကြည့်တိုက်တွင် အမြဲတမ်းပန်းချီပြခန်းတစ်ခုပါဝင်မည်ဖြစ်ပြီး စာအုပ်များ၊ လက်ရေးမူများ၊ စာရွက်စာတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။
ကြမ်းခင်းဧရိယာအကျယ်အ၀န်း ၆၅၀၀၀၀ ကျယ်ဝန်းမည်ဖြစ်ပြီး နှစ်စဉ်လာရောက်လေ့လာသူပေါင်း ၄၂ သန်းကို လက်ခံနိုင်မည်ဖြစ်သည်။
ပုံနှိပ်၊ ဒစ်ဂျစ်တယ်နှင့် အသံသွင်းစာအုပ်များအားလုံးပေါင်းလျှင် ၄ ဒသမ ၅ သန်းကျော်အထိရှိမည်ဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)