စံပယ်တောင် ၊ ကြေးစင်တောင်စီမံကိန်းအတွက် သိမ်းဆည်းခံထားကြရတဲ့ မြေယာနစ်နာသူတွေကို ထောက်ပံ့ကြေးပေးဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို စာတင်ထားတယ်လို့ ကြေးနီစီမံကိန်းတာဝန်ခံ (မုံရွာ) ဦးလှစိန်က ပြောပါတယ် ။
မြေယာဧကကို ကျပ် ၁၀ သိန်း ၊ ကျပ် ၁၂ သိန်း နှုန်းထားတွေတွက်ချက်ကာ ပေးအပ်သွားဖို့စီစဉ်နေတာဖြစ်ပြီး လက်ခံရယူဖို့ကို ဒေသခံတွေအနေနဲ့ သဘောတူပါက မြေယာနစ်နာသူတွေအားလုံးက သတ်မှတ်ပမာဏအတိုင်း ထုတ်ယူကြရမှာဖြစ်ပြီး မြေယာထောက်ပံ့ကြေး ထုတ်ယူမှုပြီးဆုံးသွားတဲ့အခါမှာ စီမံကိန်းဘက်ကနေ မြေယာတွေခြံစည်းရိုးခတ်သွားမှာဖြစ်ကာ နောက်ထပ်ငွေကြေးတောင်းခံခြင်းပြုလုပ်ခွင့် ရရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ် ။
‘ပြောထားတဲ့အချက်တွေကို သဘောတူရင်ပေးမယ် ၊ တိုင်းအစိုးရကို တင်ပြထားတယ် ၊ တိုင်းအစိုးရကို တင်ပြထားတယ် ၊ ညွန်ကြးချက်ထွက်လာတာနဲ့ မြေယာဧကပေါင်း ၁၈၀၀ ကျော်အတွက် လျော်ကြေးပေးမယ် ၊ သတ်မှတ်လျော်ကြေးကို မြန်မာယန်စီနဲ့ ဦးပိုင်တို့ဘက်ကနေ တစ်ဝက်စီကျခံပြီး လျော်မယ်’လို့ ကြေးနီစီမံကိန်းတာဝန်ခံ(မုံရွာ) ဦးလှစိန်က ပြောပါတယ် ။
ကြေးစင်တောင် ၊ စံပယ်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ ဒေသခံတောင်သူတွေအနေနဲ့ မြေယာလျော်ကြေးရရှိရေး ၊ ဒေသခံနေ့စားအလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်ရေး ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ ဒေသဖွံ့ဖြိုးရေးနဲ့ CSD များကို နှစ်စဉ်ပုံမှန်ရွှေးချယ်ဖို့ စတဲ့အချက်တွေကို ဒေသခံတွေက တောင်းဆိုထားတယ်လို့ သိရပါတယ် ။
‘တောင်းဆိုထားတဲ့ ငါးချက်ကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာချင်တယ် ၊ ပြေလည်မှုရတဲ့အထိ ညှိနှိုင်းချင်တယ်’ လို့စံပယ်တောင် ၊ ကြေးစင်တောင်စီမံကိန်းကြောင့် မြေသိမ်းခံရတဲ့ ကံကုန်းကျေးရွာ ဒေသခံ ကိုတင်အောင်စိုးက ပြောပါတယ် ။
မြေယာလျော်ကြေးအပါအဝင် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်ပေးဖို့အတွက် ဒေသခံတွေစုပေါင်းပြီး ဆန္ဒထုတ်ဖေည်မှုတွေကို ယခင်အစိုးရလက်ထက်မှာကတည်းက ပြုလုပ်ခဲ့ကြပါတယ် ။
Credit: The Kumudra