အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဟိုတယ်လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေစေရန် ရည်ရွယ်ကာ အခန်းပေါင်း ၅၄၀၀၀ ပါဝင်မည့် ဟိုတယ်သစ်ပေါင်း ၁၈၃ လုံး ဆောက်လုပ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဟိုတယ်သစ်အများစုကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်။
လာမည့် ၂၀၁၇ ခုနှစ်တွင် ဟိုတယ်သစ် ၅၆ လုံးဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ၅၈ လုံးဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားသည်။
အဆိုပါကာလအတွင်း ဖွင့်လှစ်နိုင်မည့် ဟိုတယ်များတွင် ပါရာမောင့်ဟိုတယ် (ဒူဘိုင်း-၂၀၁၇ ခုနှစ်)၊ ဟာ့ဒ်ရော့ခ်ဟိုတယ် (အဘူဒါဘီ-၂၀၁၇ ခုနှစ်)၊ စီးတီးမက်စ်ဟိုတယ် (ရပ်စ်အယ်လ်ခိုင်မာ-၂၀၁၇)နှင့် မာရီယော့ထ် ဒူဘိုင်း (ဂျူမေရာ-၂၀၁၈) တို့ အပါအ၀င် ဖြစ်သည်။
ပါရာမောင့်ဟိုတယ် နှင့်အပန်းဖြေကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ သောမတ်ဗန်ဗွီလီယက်က ပြောကြားရာတွင် “ပါရာမောင့်ဟိုတယ်ဒူဘိုင်းကို ၂၀၁၇ နှစ်ကုန်မှာ ဖွင့်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
ပါရာမောင့်ကုမ္ပဏီအတွက် အာရပ်စော်ဘွားများ ပြည်ထောင်စုအလံလွှင့်တင်မယ့် ပထမဆုံးဟိုတယ်လည်း ဖြစ်ပါတယ်။ ဒီဟိုတယ်ကွန်ပလက်မှာ အသင့်နေလူနေခန်းပေါင်း ၁၁၉၇ ခန်းလည်း ပါဝင်မှာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားဟန်၊ ဟောလိဝုဒ်ဟန်တွေနဲ့ မွမ်းမံထားပါတယ်။ ဒူဘိုင်းမှာလည်း လက်ရှိအားဖြင့် အခန်းပေါင်း ၁၃၈၃ ခန်းပါမယ့် စီမံကိန်း ၃ ခု ဆောက်လုပ်လျက်ရှိပါတယ်” ဟု ပြောကြားသည်။
ဒဗလျူဟိုတယ်နှင့်အပန်းဖြေကုမ္ပဏီသည်လည်း အာရပ်စော်ဘွားများပြည်ထောင်စုတွင် ယခုနှစ်ဇွန်လအတွင်း ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကို ဖွင့်လှစ်ခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စုအတွင်း ဒူဘိုင်းနှင့် အဘူဒါဘီသည် ဟိုတယ်ဆောက်လုပ်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ဟိုတယ်စီမံကိန်းပေါင်း ၁၅၅ ခု၊ အခန်းပေါင်း ၄၇၆၁၉ ခန်း ဆောက်လုပ်လျက်ရှိသည်။
အခြားစော်ဘွားနိုင်ငံများတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများစွာ အကောင်အထည်ဖော်လျက်ရှိရာ ရှာဂျာတွင် စီမံကိန်း ၆ ခု (အခန်းပေါင်း ၉၅၉ ခန်း) ၊ ရပ်စ်အယ်လ်ခိုင်မာတွင် စီမံကိန်း ၅ ခု (အခန်းပေါင်း ၁၈၄၇ ခန်း) ဆောက်လုပ်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)