ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် ဗန်ဒိန်း၏ နေအိမ်ကို ကမ္ဘာကျော်ရက်ပ်အဆိုတော် အိုက်စ်ကျုက ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့်ဝယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိုရှေးဂျက်ဆင်ဟုလည်း လူသိများသော အိုက်စ်ကျုက အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။
နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်သည်။
ယင်းနေအိမ်ကြီးကို ၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဗန်ဒိန်းက ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၆ သန်းဖြင့် ၀ယ်ယူထားခဲ့ခြင်းဖြစ်ရာ အိုက်စ်ကျုကို ပြန်လည်ရောင်းချခဲ့ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်း မြတ်စွန်းခဲ့လေသည်။
အီတလီနိုင်ငံ၊ဗင်းနစ်မြို့အသွင် အတုယူကာ လူလုပ်တူးမြောင်းများစွာ ဖောက်လုပ်ထားသည့် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ Grand Canal အနီးတွင် တည်ရှိသည်။
နေအိမ်အကျယ်အ၀န်းမှာ ၇၅၇၄ ပေကျယ်ဝန်းပြီး မော်ဒန်ဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
အိပ်ခန်း ၆ ခန်းမှာ အလွန်ကြီးမားကျယ်ပြန့်မှုရှိပြီး စားတော်ကဲအဆင့် အသုံးပြုနိုင်သော မီးဖိုဆောင်၊ နောက်ဆုံးပေါ်အဆင့်မြင့် စက်ပစ္စည်းများ တပ်ဆင်ထားသော ဇာတ်ရုံ၊ ၀ိုင်သိုလှောင်ခန်းနှင့် အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်လေသည်။
ရွက်လှေများနှင့် ဆည်းဆာချိန်တို့ကို အပေါ်စီးမှ စီးမိုးရှုမြင်နိုင်သည့် ကျယ်ပြောသော လသာဆောင်ပါဝင်သည်။
အမိုးပေါ်တွင် ဆောက်လုပ်ထားသော ရေကန်မှာ ၀န်းကျင်တစ်ခွင်ကို ၃၆၀ ဒီဂရီရှုမြင်နိုင်သည်။
အိုက်စ်ကျုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ အန်စီနိုတွင်တည်ရှိပြီး အဆိုပါနေအိမ်တွင် ၁၉၉၆ ခုနှစ်ကတည်းက စတင်နေထိုင်ခဲ့သည်။
အိုက်စ်ကျုဖြစ်လာမည့် အိုရှေးဂျက်ဆင်ကို ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် လော့စ်အိန်ဂျလိမြို့၌ မွေးဖွားသည်။
သူသည် ရက်ပ်အဆိုတော်၊ တေးထုတ်လုပ်သူ၊ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့သည်။
C.I.A. အမည်ရှိ ဟစ်ပ်ဟော့အဖွဲ့တွင် ပထမဆုံးပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် N.W.A (Niggaz Wit Attitudes) အမည်ရှိအဖွဲ့သို့ ၀င်ရောက်ခဲ့ပြန်သည်။
N.W.A မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာတွင် နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း တစ်ကိုယ်တော်အခွေများ စတင်ထုတ်လုပ်ကာ အောင်မြင်မှုလမ်းပေါ်သို့ စတင်ခြေချခဲ့သည်။
အိုက်စ်ကျုကို အရိုးသားဆုံးရက်ပါအဖြစ် သတ်မှတ်ထားကြသည်။
သူ၏ ရက်ပ်စာသားများမှာ နိုင်ငံရေး (သို့မဟုတ်) လူမှုနိုင်ငံရေးနှင့် နွှယ်သောစာသားများဖြစ်ပြီး ထိပ်တိုက်တွေ့သော၊ ရန်လိုသော စာသားများဖြစ်ခြင်းကြောင့် ရိုးသားပွင့်လင်းသည်၊ ခံစားချက်ကို မကွယ်မ၀ှက် ဖော်ထုတ်သည်ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)