ဆောက်ပြီးသားတိုက်ခန်းတွေအတွက် ဥပဒေအတိအကျမရှိသေးတဲ့အတွက် ဝယ်ယူတဲ့အခါ တိုက်ခန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းမိတ္တူတွေ တောင်း ယူပြီး စာချုပ်ချုပ်ဆိုထားသင့်တယ်လို့ သိ ရပါတယ်။
တိုက်ခန်းအိမ်ရာ မူဝါဒ ဥပဒေသာ ထွက်လာခဲ့ရင် ဥပဒေနဲ့ အညီ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ကြိုမသိနိုင်သေးတာကြောင့် ဝယ်သူတွေအနေနဲ့ အပြည့်အစုံ တောင်းယူထားသင့်တယ်လို့ သိရတယ်။ ကွန်ဒိုဥပဒေလို ဥပဒေထွက်လာပေမဲ့ သတ်မှတ် ချက်တွေနဲ့ ကွဲပြားနေတာတွေ၊ မကိုက်ညီတာတွေ ဈေးကွက်ထဲမှာ ရှိနေပါတယ်။ တိုက်ခန်းပြဿနာတေမှာ အများစု ဆုံးရှုံး နစ်နာရသူတွေက ဝယ်သူတွေ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
အထွေထွေ အကျိုးဆောင် ဦးကျော်စွာက “ကန်ထရိုက်နဲ့ မြေရှင်တွေ ချုပ်ဆိုထားတဲ့ စာချုပ်မိတ္တူတွေ၊ လူနေခွင့်ကျပြီးသားဆို လူနေခွင့်ပါမစ်မိတ္တူတွေ၊ မြေရှင်လက်မှတ်ရေးထိုးထားတဲ့ ဆက်စပ်စာချုပ်တွေအကုန်တောင်းထားရင်တော့ ပို ကောင်းတယ်၊ ပြဿနာဖြစ်လာရင်တောင် ကိုယ့်ဘက်က ခိုင်မာတဲ့ အထောက်အထားပြနိုင်တယ်”လို့ ပြောပါတယ်။
တိုက်ခန်းဈေးကွက်ထဲမှာအရောင်းအဝယ်အေးသွားရတဲ့အကြောင်းအရင်းတစ်ခုက ယုံကြည်မှုနည်းသွားပြီး ဈေးကွက်သိသိသာသာ လျော့ကျသွားတာ ဖြစ်တယ်။အရစ်ကျကြိုပွိင့်ဈေးကွက်နဲ့ ဆောက်ပြီးသားတိုက်ခန်းအရောင်းဈေး ကွက်ပါ အေးနေတာ ဖြစ်တယ်။ အရောင်းအဝယ်အများစုက အရပ်စာချုပ်တွေနဲ့ ချုပ် ဆိုပြီး အလွယ်တကူ ဝယ်ယူကြတယ်။ တ ချို့ဆို ရှေ့နေက စာရွက်စာတမ်းလိုနေ တယ်ပြောတာတောင် နောက်မှယူမယ်ဆိုပြီးဝယ်ယူကြ တာတွေလည်းရှိတယ်လို့ အကျိုးဆောင်ရှေ့နေတချို့ဆီက သိရပါတယ်။
အထက်တန်းရှေ့နေမသီတာက “စာချုပ်ကိုတော့ ဖြစ်နိုင်သမျှ ခိုင်မာအောင် ချုပ်ဆိုရမှာပဲ၊ ဥပဒေအပြောင်းအလဲတွေရှိလာရင် ကိုယ့်ဘက်က သေချာမှုရှိအောင် လုပ်သင့်တယ်၊ တချို့က ပြီး ပြီးရောပုံစံနဲ့ ချုပ်ဆိုကြတာတွေ ရှိတယ်၊ ဆောက်လုပ်ခွင့်ကျထားတဲ့ စာရက်စာတမ်းကအစ တောင်းကြည့်သင့်ရင် တောင်းရမှာ၊ တချို့ က ပြောပြလဲ အပိုလို့ထင်တာတွေ ရှိတယ်၊ တကယ်တော့ ကိုယ့်ဘက်က ခိုင်မာအောင် လုပ်ထားသင့်လို့ပါ”လို့ ပြောပါတယ်။
လက်ဆင့်ကမ်းရောင်းချထားတဲ့ တိုက်ခန်းဟောင်းတွေဆိုလည်း အရပ်စာချုပ်နဲ့ဆိုရင် အရောင်းအဝယ်လုပ်ခဲ့တဲ့ ဆက်စပ်စာချုပ်အဆင့်ဆင့်ကို စစ်ဖို့လိုအပ်တယ်။ ဆက်စပ်စာချုပ်တိုင်းမှာ မြေရှင်လက်မှတ်ပါမပါ စိစစ်ဖို့ လိုပါတယ်။ တ ချို့က အပေါင်ခံထားပြီးရထားတဲ့ အခန်းမျိုး ဖြစ်နိုင်တာကြောင့် သေချာသတိပြု ဝယ်သင့်တယ်လို့ သိရပါတယ်။
Credit: The Kumudra